စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေ၊ KNLA တပ်ရင်း ၁၇၊ တပ်ခွဲ(၂)ထံကို လက်နက်နှင့်အတူလာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားတစ်ဦးအား မြန်မာ ကျပ်ငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင်က ယနေ့ညနေတွင် သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားသည် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခြေလျင် တပ်ရင်း -ခလရ (၃၂) တပ်ရင်းမှ အသက်၂၂ နှစ်ရှိသူ စိုင်းဖြိုးအောင်ဖြစ်ပြီး
၎င်းနှင့်အတူ MA-1 (၁)လက်၊ ကျည်ဘောက်(၅)ဘောက်၊ ၅.၅၆ကျည်တောင့်(၇၅)တောင့် နှင့်အီကွေးမင့်(၁)စုံပါရှိကြောင်း ကေအဲန်ယူ၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အာဏာသိမ်းစစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အတွက် အထောက်အကူဖြစ်သော မည် သည့်ထောင့်တိုင်သမျှကို ဆန့်ကျင်ရန်နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ပြည်သူ့ ရင်ခွင်သို့ လာရောက်ပူးပေါင်းသူ မည်သည့်စစ်သားမဆို နွေးထွေးစွာဖိတ်ခေါ်လျက်ရှိကြောင်းနှင့် ရှေ့ဆက်ဘဝရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ကေအဲန်ယူ-တပ်မဟာ(၆)နယ်မြေတွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ရဲနှင့် တပ်မတော်သား မိသားစုဝင်များအား လက်လှမ်းမီသလောက် လစဉ်ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်(ပအဖ)က ကေအိုင်စီသို့ ပြောဆိုသည်။



















