Home သတင်း လေကြောင်းတိုက်ခိုက်မှုအပြီး ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲထား၍ လိပ်သိုဒေသခံများနေရပ်မပြန်ရဲသေး

လေကြောင်းတိုက်ခိုက်မှုအပြီး ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲထား၍ လိပ်သိုဒေသခံများနေရပ်မပြန်ရဲသေး

886
Photo: CJ

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ ရှမ်းလယ်ပြင်ကျေးရွာအုပ်စုရှိ ကျေးရွာ များတွင် ပြီးခဲ့သည့် စက်တင်ဘာလ(၂၅)ရက်နေ့က စစ်ကောင်စီမှ လက်နက် ကြီးနှင့်လေ ကြောင်း တိုက်တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ရွာအတွင်း စစ်ကောင်စီတပ်များ စခန်းချနေထိုင်သဖြင့် တိမ်းရှောင်ထွက်ပြေးနေရသော ဒေသခံများ နေရပ်မပြန်ရဲကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပစ်ခတ်မှုဒဏ်ခံခဲ့ရသော မိတ်သလင်တောင်ကျေးရွာအပါအဝင် ကျေးရွာ(၃)ရွာမှ လူဦး ရေ ၁၀၀ ရာထက်မနည်းသည် နီးစပ်ရာမြို့နှင့်ကျေးရွာများတွင် တိမ်းရှောင်နေ ထိုင်ရသလို ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေ့မှ လက်ရှိအချိန်ထိ မိတ်သလင်တောင်အနီးရှိ နန်းချိုအထက်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေထိုင်လာ၍ နန်းချိုရွာခံများလည်း နေရပ်မပြန်ရဲကြသေးကြောင်း သံတောင်ကြီးနယ်ခံအမျိုးသား တစ်ဦးက ပြောသည်။

၎င်းက “ပြန်လို့တော့မရသေးဘူး။ တပ်တွေက နန်းချိုမှာထိုင်ထားတယ်လေ။ နန်းချိုကနေ သွားရင် မိတ်သလင်တောင်တို့ ရှမ်းလယ်ပြင်တို့ဘက်ကို ရောက်တယ် အဲ့ဒီရွာမှာ သွားတပ်စွဲထားတာ ဒီနေ့ အထိပဲ။ အဲဒီရွာမှာ စစ်တပ်က သူများအိမ် ခတ်ထားတဲ့သော့တွေကိုဖျက်ပြီး ဝင်တယ်။ ရှိတဲ့ကြက် တွေ၊ ဝက်တွေ သတ်စားတယ် အရက်သောက်ဘာညာပေါ့ အဲ့လိုကြားတယ်။” ဟု ၎င်းက ပြောသည်။

လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများထိခိုက်မှုမရှိသော်လည်း အများစုမှာ လိပ်သိုမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်နေထိုင်ရသလို ထိုပစ်ခတ်မှုများနောက်ပိုင်း လိပ်သိုမြို့ နယ်အတွင်း စစ်ကားများ အသွားအလာများပြားသည့်အတွက် ဒေသခံများအနေဖြင့် စိုးထိတ်မှုဖြင့်နေ ထိုင်ရကြောင်းလည်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

“အဲဒီနေ့က လေကြောင်းပစ်ခတ်မှုကတော့ တောထဲ လျှောက်ပစ်ချတာပဲ လူတွေ အထိ အခိုက်တော့မရှိဘူး၊ ခြံတွေထဲကျတယ်လို့လည်း ပြောတယ်။ အဲဒီနေ့ကတည်းက ဟိုဘက်နန်းချိုရွာဘက်ကို စစ်တပ်က ပြန်ဝင်ထိုင်တာ” ဟု အမည်မဖော်လိုသူဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထို့အတူ သံတောင်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး၍ ရွာအတွင်းစခန်း ချနေထိုင်စဥ် ကျေးရွာနေဒေသခံများအား ဖမ်းဆီးခေါ် ဆောင်သွားသော ဖြစ်ရပ်များလည်းရှိ ထားသလို ပြီးခဲ့သည့် စက်တင်ဘာလ(၂၀)ရက်နေ့ကလည်း သံတောင်မြောက်ပိုင်း ကျောက်တံခါးကျေးရွာတွင် စစ်တပ်စခန်းချနေထိုင်ပြီးနောက် ဒေသခံ(၂)ဦးအား လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ ပြန်လွှတ်ပေးလိုက်သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။

ထို့အပြင် မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီမှ ဆန်နှင့်ဆေးဝါးအစရှိသည်တို့အား ကန့် သတ်ပိတ်ဆို့မှုများသည် လက်ရှိအချိန်ထိ ဆက်လက်ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ဂိတ်စခန်းများတွင် အစစ်အဆေးများပြားပြီး စစ်ရှောင်ထောက်ပံ့မည့်ပစ္စည်းများ မကြာခဏ သိမ်းယူဖျက်ဆီးခံရမှုများကြောင့် စစ်ရှောင်ကူနှင့်စစ်ဘေးရှောင်ပြည်သူများအတွက် အခက် အခဲများစွာ တွေ့ကြုံနေရသည်ဟုလည်း ဒေသအခြေစိုက် စစ်ရှောင်ကူအဖွဲ့များက ပြောဆိုထားသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိသော သံတောင်ကြီးမြို့နယ်တွင် KNLA အပါအဝင် အခြားသော လက်နက်ကိုင်တော်လှန်ရေး အင်အား စုများနှင့် စစ်ကောင်စီတို့ မြေပြင်တိုက်ပွဲအများအပြား ဖြစ်ပွားရာ ဒေသတစ်ခုလည်း ဖြစ်သလို ပဋိပက္ခများကြောင့် ခရိုင်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံးသောင်းထက်မနည်း ရှိနေသော ဒေသတစ်ခုလည်းဖြစ်ကြောင်း သိရသည်။