Home သတင်း လိပ်သိုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး၊ ကလေးငယ် လေးဦးဒဏ်ရာရ

လိပ်သိုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး၊ ကလေးငယ် လေးဦးဒဏ်ရာရ

1230
Photo: CJ

စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်း၊ လိပ်သိုမြို့နယ်ခွဲရှိ ထီးသာစောကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ(၁၀)ရက်က စစ်ကောင်စီ၏ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး ကလေးငယ်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အဆိုပါ ကျေးရွာနှင့်အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံတစ်ဦးသေဆုံးရခြင်းဖြစ်သလို ဒဏ်ရာရရှိသော ကလေး ငယ်လေးဦးအနက် နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ယခုလို ပြောသည်။

“ဘာမှတိုက်ပွဲလည်းမဖြစ်ဘဲနဲ့ ဘာလို့လာကြဲသွားတာလဲ မသိပါဘူး။ ဒဏ်ရာရတဲ့ကလေး လေးယောက်စလုံးက ဒီကရွာသားလေးတွေပါ။ ဘုန်းကြီးကျောင်းကိုလည်း ဗုံးအစအနထိတော့ ပျက်စီးတာရှိတယ်။ ဒီဘက်က လိုင်းမရတော့ တစ်ခုခုဆို ဆက်သွယ်ဖို့ခက်ခဲတယ်။” ဟု ၎င်း ဒေသခံက ပြောသည်။

လေကြောင်းပစ်ခတ်မှုကြောင့် ရွာရှိဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုရှိသလို ကျောင်းအောက် ဘက်ရှိ မူလတန်းကျောင်းနှင့်နေအိမ်များ ပျက်စီးကာ ဒေသခံများလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု အဆိုပါဒေသခံအမျိုးသားက ဆက်လက်ပြောဆိုသည်။

လိပ်သိုမြို့ခွဲရှိ ကျေးရွာများသည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ (၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

ယခုလို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက အကြောင်းမဲ့လေကြောင်းတိုက်ခိုင်မှု လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “လေယာဥ်နဲ့ရွာ တွေထဲကိုပစ်ချတော့ ရွာသားတွေ ကကြောက် PDF လာပြီဆိုရင် စစ်တပ်လေ ယာဥ်နဲ့လာကြဲချ မှာစိုးလို့ ရွာထဲကိုမဝင်ပါနဲ့ဆိုတဲ့ ဟာမျိုး လုပ်တာလေ။ အဲ့ဘက်က ရွာတွေဆိုရင် PDF ကို အဝင်တောင်မခံရဲတော့ဘူး။ အခု ထီးသာစောရွာကို လည်း အဲ့လိုပဲလုပ်တာပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၇)ရက်နေ့တွင်လည်း စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရေတာရှည် မြို့နယ် ရွှေသောင်ကျေးရွာတွင် စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်(၂၀)ကျော်သေဆုံးသဖြင့်လေကြောင်းပစ်ကူဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ သေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွှေသောင်ရွာနှင့်အနီးရှိကျေးရွာမှ ဒေသခံများ ဘေး လွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီဘက်မှ နယ်မြေ အင်အားဖြည့်တင်းခြင်း များပြုလုပ်နေ၍ စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။