Home သတင်း ကုန်ထုတ်လုပ်မှုစရိတ်ကြီးမြင့်လာခြင်းကြောင့် သောက်ရေသန့်များ စျေးတက်၊ သောက်သုံးသူများ လျော့နည်းလာ

ကုန်ထုတ်လုပ်မှုစရိတ်ကြီးမြင့်လာခြင်းကြောင့် သောက်ရေသန့်များ စျေးတက်၊ သောက်သုံးသူများ လျော့နည်းလာ

880
Photo: Crd.

စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အထွေထွေစရိတ်များ မြင့်တက်လာနေခြင်းကြောင့် ကရင်ပြည်နယ်ရှိ မြို့နယ်များတွင် ထုတ်လုပ် ဖြန့်ချိသည့် သောက်ရေသန့်လုပ်ငန်းများ အရှုံးပေါ်ပြီး တွက်ခြေမကိုက်သည့် အခြေအနေနှင့် ရင်ဆိုင် နေခြင်းကြောင့် စျေးတိုးပြီးရောင်းချဖြန့်ဖြူးနေရသည်ဟု ရေသန့်လုပ်ငန်းရှင်များက ပြောသည်။

စစ်တပ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်စျေးနှုန်များ မြင့်တက်လာခြင်း၊ နိုင်ငံခြားက ဝယ်ယူရသည့် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက် လာခြင်းကြောင့် ပြည်နယ်အတွင်းရှိ ရေသန့်လုပ်ငန်းရှင်များ ညှိနှိုင်းတိုင်ပင်ပြီး စျေးတိုး မြှင့်ရောင်းချရန်အထိ လုပ်ငန်းတူချင်းချိတ်ဆက် ညှိနှိုင်းလုပ်ဆောင်ရသည့် အခြေအနေရှိ လာနေကြောင်း ဖားအံမြို့ရှိ သောက်ရေသန့်လုပ်ငန်းရှင်တစ်ဦးက ကေအိုင်စီသို့ သည်။

၎င်းက “ရေသန့်က မြေအောက်ရေက အလကားရနေတယ်ဆိုပေမယ့် ထုတ်လုပ်ရေးစရိတ်၊ အလုပ် သမားစရိတ်၊ အခွန်အခ၊ လိုင်းကြေး၊ စက်သုံးဆီစျေး၊ စက်ပစ္စည်းပြုပြင်စရိတ်တွေ၊ သယ်ယူပို့ဆောင်ရေး စရိတ်တွေ တက်တက်လာတာ မနိုင်တော့ဘူး ဖြစ်ကုန်ပြီ။ အခုရေသန့်လုပ်ငန်းရှင်တွေ ပေါင်းပြီး စျေး တက်ဖို့ ညှိရတာတွေ ရှိလာရတယ်။ အရင်က တစ်ဗူး ၅၀၀ ကနေ ၇၀၀၊ အခုတစ်ဗူး ၈၀၀ ရာ၊ ၁၀၀၀ အထိစျေးတက်လာရပြီ။ တွက်ခြေမကိုက်တော့ဘူး။ လျှပ်စစ်မီးကမလာ၊ ဓာတ်ဆီစျေး၊ ဒီဇယ်စျေးက တက်လာတော့ ရှေ့ကို ဒီထက်စရိတ်ကြီး လာမယ်ဆိုရင်တော့ လုပ်ငန်းရှုံးပြီး လုပ်ငန်းတွေရပ်နားဖို့ပဲရှိ တော့တယ်။”ဟု ပြောသည်။

အထွေထွေ ကုန်စျေးနှုန်းမြင့်တက်လာနေသည့်အတွက် သောက်ရေသန့်လုပ်ငန်းများ စျေးတိုးမြှင့် ရောင်း ချရာတွင် ဒေသခံပြည်သူများအနေဖြင့် သောက်ရေသန့်သုံးစွဲမှုလျော့ကျလာပြီး ရေတွင်းရေကန်မှ သောက်သုံးရေကို ပြောင်းလဲသောက်သုံးမှုရှိလာသည့်အတွက် စျေးကွက်ဖြန့်ချိပို့ဆောင်သည့် ရေသန့်ပို့ ကားများ၊ ရေသန့်ပို့အလုပ်သမားများ တွက်ခြေမကိုက်တော့ဘဲ အခြားလုပ်ငန်းပြောင်းလဲလုပ်ကိုင်မှု များ ရှိလာကြောင်း သောက်ရေသန့် လက်လီရောင်းသည့် မြို့ခံကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

Photo: Crd.

“စစ်တပ်မကြီးစိုးခင်က ရေသန့်ဗူးကြီး လီတာ ၂၀ ဗူး ကြီးကို ရေသန့်တံဆိပ်ပေါ်မူတည်ပြီး ၄၀၀ ၊ ၅၀၀ပဲရှိတယ်။ ဒါက အိမ်ထဲရေဖြည့်ပေးတဲ့အထိကို ပေးသောက်ရတာ။ အခု ဒီလကစပြီး တစ်ဗူးကို ၈၀၀ ၊ ၁၀၀၀ ဖြစ်သွားပြီ၊ ရပ်ကွက်တွေက ရေသန့်ဗူးမသောက်ကြတော့ဘူး။ ဘုန်းကြီးကျောင်းရေး တွင်းမှာသွား ခပ်ကြ၊ သွားယူကြပြီး သောက်ကြတဲ့သူများလာတယ်။ အခုရေသန့်ပို့တဲ့သူတွေ မြို့စွန်၊ ကျေးရွာတွေဘက်ဗူးများများ မဖြန့်နိုင်တော့ ကားတွေအလုပ်သမားတွေ ရပ်ကုန်ပြီ ”ဟု ၎င်းကုန်စုံဆိုင်ရှင်က ပြောသည်။

လတ်တလော ကရင်ပြည်နယ်ထဲရှိ မြို့နယ်များတွင် ကိုယ်ပိုင်တံဆိပ် ကိုယ်ပိုင်လုပ်ငန်းဖြင့် ရေသန့် ထုတ်ကုန် ဖြန့်ဖြူးနေသည့် လုပ်ငန်း ၂၀ ခန့်ရှိပြီး အချို့ရေသန့်လုပ်ငန်းများမှာ စစ်တပ်၊ BGF တပ်ကျော ထောက်နောက်ခံပြုပြီး အခွန်အခကင်းလွတ်ခွင့်ရရှိကာ ထုတ်လုပ်နေသည့် ရေသန့်လုပ်ငန်းများလည်း ရှိနေကြောင်း ရေသန့်လုပ်ငန်းနှင့်ပတ်သက်နေသူများ ပြောစကားအရ သိရသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ဖားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်မှအပ ကျန်မြို့နယ် ၅ ခုတွင် နေ့စဥ် စစ် ကောင်စီတပ်နှင့် KNLA ပူးပေါင်းစစ်ကြောင်းများ တိုက်ပွဲဖြစ်ပွားနေပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိရာ မြဝတီ၊ ကော့ကရိတ်၊ ဖားအံလမ်းပိုင်းတစ်လျှောက် စစ်တပ်၊ BGF နယ်ခြား စောင့် တပ်ဂိတ်များမှ ငွေညှစ်တောင်းခံမှုများကြောင့် ဒေသအတွင်း အခြားနေရာများထက် ကုန်စျေးနှုန်း ပိုမို ကြီးမြင့်လာနေကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။