စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်ရရှိရန်အတွက် ကချင်ပြည်နယ်နှင့် နိုင်ငံ၏ အရှေ့ တောင်ပိုင်းဒေသတွင် ကန့်သတ်ချက်များ တိုးလာသည့်အတွက် အကူအညီလို အပ်သူများထံ အရေးပါသည့် အကူအညီပေးအပ်နိုင်ရန် အဟန့်အတားဖြစ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA Myanmar)က စက်တင်ဘာလ ၂၀ရက်နေ့တွင် ထုတ်ပြန်ထားသည်။
နိုင်ငံတစ်ဝှမ်းတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာရသူ စဉ်ဆက်မပြတ်ရှိနေသလို ကုလသမဂ္ဂ၏ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့အထိ နောက်ဆုံးရကိန်းဂဏန်းအရ မြန်မာနိုင်ငံ တစ်ဝှမ်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဦးရေ ၁ ဒသမ ၉ (၁.၉)သန်းကျော်ရှိလာပြီဖြစ်သည်ဟု UN OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အကူအညီလိုအပ်သည့် အိုးအိမ်စွန့်ခွာသူများအတွက် ကူညီပေးနိုင်ဖို့ရန် အဟန့်အတား အခက်အခဲကြားမှ ၂၀၂၃ခုနှစ်အတွင်း လူဦးရေ ၅ သန်းကို လူသားချင်းစာနာမှုအကူအညီပေးရန် ဦး တည်ထားရာတွင် ပထမနှစ်ဝက်အတွင်း ၁ ဒသမ ၈(၁.၈)သန်းကျော်ကို အကူအညီပေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ထို့အပြင် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသရှိ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ထဲရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေများအတွင်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြသော စစ်ရှောင်များထံ UN OCHA ၏ ထောက်ပံ့သည့်အကူအညီများမရရှိကြောင်းကို တွေ့ရှိရကြောင်း ကရင်လူမှုအဖွဲ့အစည်း ၂၀ ကျော်ဖြင့် ဖွဲ့စည်းထားသော ကရင်ငြိမ်းချမ်း ရေးအထောက်အကူပြုကွန်ယက် KPSN က ပြောသည်။
KPSN အဖွဲ့ပြောခွင့်ရ နော်ဝါးခူရှီးက“ UN ဘက်က ကျမတို့တွေ့ရသလာက်တော့ ကျမတို့ အကူ အညီဆောင်ရွက်ပေးတဲ့ ဧရိယာတွေမှာတော့ သူတို့ရောက်တာမတွေ့ဘူး။ သူတို့က SAC ခွင့်ပြုတဲ့ နေရာ လောက်ပဲရောက်တာ။ အဲဒါကလည်း မြို့ထဲကလို နေရာလောက်ပဲရတာ။ တကယ် ပဋိပက္ခ ဖြစ်တဲ့ နယ်မြေမှာ သူတို့မရောက်တဲ့အတွက် သူတို့မှာထုတ်ပြန်တဲ့ IDP ဦးရေဆိုရင်လည်း မများဘူးပုံမှန်ပဲ။ အဲဒါကြောင့် သူတို့ထုတ်ပြန်တဲ့ လူသားချင်းစာနာမှု အကူအညီစာရင်းအရေအတွက်တွေဆိုရင် ကျမတို့ KPSN ထုတ်ပြန်ထားတဲ့ စာရင်းရဲ့ တစ်ဝက်လောက်တောင်မရှိဘူး။ ” ဟု ကေအိုင်စီ သို့ ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီအုပ်ချုပ်နိုင်သည့် နယ်မြေများနည်းလာပြီး တိုင်းရင်းသားများ၏ အုပ်ချုပ်သည့်နယ်မြေများလာသည့်အတွက် စစ်ရှောင်ပြည်သူများအား ထိရောက်စွာကူညီလိုပါက နယ်စပ်ဖြတ်ကျော်ပြီး ဒေသအတွင်းကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးနေကျဖြစ်သည့် အဖွဲ့အစည်း များနှင့် လက်တွဲလုပ်ဆောင်မှသာ ရရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။
ပဋိပက္ခကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ၏ အရေးပေါ်အကူအညီရရှိရန်အတွက် အများစုမှာ နယ်စပ်အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းများ၏ ရှာဖွေပေးသည့်အကူအညီများသာရရှိပြီး ၎င်းပေးသည့်အကူအညီများသည် UN အဖွဲ့အစည်းကြီးလိုပေးသည့် အကူအညီများမရကြောင်း နယ်စပ်ဒေသရှိ စစ်ရှောင်ကူညီပေးသည့် အရပ်ဘက်အဖွဲ့ထံမှ သိရသည်။
လူသားချင်းစာနာထောက်ထားရေးအကူအညီ လိုအပ်နေသည့် မြန်မာနိုင်ငံအနှံ့ရှိ လူပေါင်း ၁၈ သန်းအတွက် အကူအညီဝင်ရောက် နိုင်ခွင့်ကို တိုးချဲ့ရန်နှင့် ရံပုံငွေတိုးမြှင့်ပေးရန် ဩဂုတ်လ (၁၅)ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် UNOCHA အကြီးအကဲ Mr. Martin Griffiths က ထုတ်ပြန်ထားခဲ့ခြင်းရှိသည်။



















