စက်တင်ဘာလ ၁၈ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် (စကခ) အမှတ် ၁၉ လက်အောက်ခံ ရဲသတင်း ပေးတပ်ဖွဲ့ (SB) ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ်ကြီး မြင့်လွင်ကို ယနေ့ နံနက် ၁၀ နာရီကျော် အချိန်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ပြောဆိုသည်။
အဆိုပါ ရဲအုပ်ကြီး မြင့်လွင်သည် ရေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများထံမှ ငွေကြေးတောင်းခံခြင်း စစ်ကောင်စီတပ်များကို သတင်းပေးမှုများ ပြုလုပ်နေခြင်းကြောင့် SB ရုံးမှ အိမ်စီးကားဖြင့် ပြန်လာစဉ် လမ်းပိုင်း တစ်နေရာတွင် ရေးဘီးလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကာ ပစ်ခတ်ခံသည့်နေရာမှာပင် ပွဲချင်းပြီးသေဆုံး သွားခဲ့ သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ယခုလိုပြောသည်။
၄င်းက“ရေးမြို့လည်ခေါင်မှာ သူတို့ကအိမ်စီးကားနဲ့အလာပေါ့။ အပြင်ဝတ်နဲ့အလာမှာ ကျနော်တို့လမ်း တစ်နေရာ ကနေ စောင့်ပြီးရှင်းလင်းခဲ့တယ်။ သူလာတက်နေတဲ့နေရာလေးတွေကိုလည်း သေချာစုံစမ်းပြီးတော့ ကျနော်တို့ အဖွဲ့က ရှင်းလင်းခြင်းဖြစ်တယ်။ နောက်တစ်ခုက ဒီဖြစ်စဉ်ကိုကျနော်တို့ ပစ်ခတ်မှုအခြေအနေ အတိုင်းအတာ တစ်ခုရဖို့အတွက်လည်း အများကြီးအချိန်ယူခဲ့တယ်။ ဗျူဟာတွေခင်းပြီး ပြင်ဆင်ခဲ့တယ်။ ကျနော်တို့ကို သူတို့ အရင် ရိပ်မိသွားရင်လည်း ကျနော်တို့အသတ်ခံရမယ်။
အရမ်းစွန့်စွန့်စားစားလုပ်ရတဲ့ Mission မျိုးတွေလည်း ဖြစ်တယ်။ မွန်ပြည်နယ်ရေးမြို့ နယ်ကလည်း ဒါအကုန်သိတဲ့အတိုင်းပဲ မာရှယ်လောထုတ်ပြန်ထားတဲ့ အပေါ်မူ တည်ပြီးတော့ ဝင်လမ်းထွက်လမ်းအကုန်လုံးကိုလည်း တင်းကြပ်ထားတဲ့မြို့တစ်မြို့ဖြစ်တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
၄င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး Mission ပြုလုပ်ခဲ့သည့် ရေးဘီလူးအဖွဲ့က လူမှုစာမျက်နှာပေါ်တွင် သတင်းထုတ် ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာသတင်းထုတ်ပြန်ထားခြင်းမရှိကြောင်းတွေ့ရသည်။
အလားတူ ရေးမြို့နယ်ထဲတွင် စစ်ကောင်စီတပ်၏ သတင်းပေးဒလန်များကိုပစ်ခတ်ရှင်းလင်းခြင်းနှင့် ရဲစခန်း ၊စစ်စခန်းများကို နယ်မြေအတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး ဒရုန်းများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်သည့် ဖြစ်စဉ်များ လည်းရှိ သည်။
ထို့အပြင် ရဲအုပ်ကြီးမြင့်လွင်ပစ်သတ်ခံခဲ့ရပြီးသည့်နောက် မွန်ပြည်နယ် ရေးမြို့နယ်ထဲတွင် မြို့အဝင် အထွက်အားလုံးကို ပိတ်ပင်လိုက်ပြီး မြို့အတွင်းမှာလည်း လုံခြုံရေး တိုးချထားကြောင်း ရေးဘီးလူး အဖွဲ့ခေါင်း ဆောင်က ကေအိုင်စီသို့ ဖြည့်စွက်ပြောသည်။
“သူ့ရဲ့ရာထူးကတော့SBက အမှတ် ၁၉ ရဲ့လက်အောက်ခံ ရဲမှူးကြီးတစ်ယောက်လို့ပြောလို့ရတယ်။ သူရဲ့ရာထူးက ၃ ပွင့်ရှိတယ်။ လာတဲ့အချိန်မှာ SB ရုံးကနေသူတစ်ယောက်ထဲပဲလာတယ်။ အချိန်က ၁၀နာရီ ၄၇ မိနစ်မှာ ရှင်း လင်းခဲ့တယ်။ သူနဲ့အတူ ဘယ်သူမှမပါလာဘူး။ မြို့ထဲမှာ သူတို့ဘက်က အကောင်းကြီးကြီး တစ်ကောင်ရှင်း လင်းခံလိုက်ရတော့ အခုမြို့ထဲမှာ အဝင်အထွက်လိုက်ပိတ်လိုက်ပြီးတော့ မြို့ထဲမှာလည်း ပွိုင့်ကားတွေ အဆက် မပြတ်ပတ်နေတယ်။ မြို့ထဲမှာအကုန်လုံးအင်အားတွေဖြန့်ထားတယ်”ဟုဆိုသည်။
အလားတူ မွန်ပြည်နယ် မော်လမြိုင်၊မုဒုံ၊သံဖြူဇရပ်၊ရေး၊လမ်းပိုင်အပြင် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ထားဝယ်၊မြိတ်စသည့်လမ်းပိုင်းများကိုလည်း နယ်မြေအတွင်းရှိ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု အဖွဲ့ အစည်းအသီးသီးက အသွား အလာယာဉ်များကို စစ်ဆေးမှုပြုလုပ်လျက်ရှိသည်။