Home သတင်း ရိက္ခာလှူဒါန်းမှုမရရှိသည်မှာ နှစ်ဝက်နီးပါးရှိလာ၍ ဖယ်ခုံစစ်ရှောင်များ ဆန်ပြတ်လပ်မှုဖြင့် ရင်ဆိုင်နေရ

ရိက္ခာလှူဒါန်းမှုမရရှိသည်မှာ နှစ်ဝက်နီးပါးရှိလာ၍ ဖယ်ခုံစစ်ရှောင်များ ဆန်ပြတ်လပ်မှုဖြင့် ရင်ဆိုင်နေရ

82
Photo: CJ

စက်တင်ဘာလ(၁၉)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ ဖယ်ခုံမြို့စွန် ကျေးရွာများရှိ စစ်ဘေးရှောင်များ လမ်းပန်းဆက်သွယ်ရေးခက် ခဲမှုကြောင့် အလှူရှင်မရောက်လာနိုင်သည့်အတွက် ရိက္ခာလှူဒါန်းမှု မရရှိသည်မှာ နှစ်ဝက်နီးပါးရှိလာ၍ ဆန်ပြတ်လပ်မှုဖြင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

နယ်ခံလက်နက်ကိုင်အဖွဲ့အစည်းများ၏ အစစ်အဆေးများပြားခြင်းအပြင် စစ်ကောင်စီ၏ လမ်းပိတ်ဆို့ ထားမှုများကြောင့် အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များအနေဖြင့် အဆိုပါမြို့စွန်ရှိ လူဦးရေ ၃၀၀ ဝန်းကျင်ရှိသော စစ်ဘေးရှောင်ပြည်သူများနှင့် အလှမ်းဝေးနေပြီး လှူဒါန်းမှုမရရှိသည့် အချိန်ကာလ ကြာ လာသဖြင့် ဆန်ပြတ်လပ်မှုဖြစ်လာရကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “လောလောဆယ် စစ်ရှောင်တွေမှာ ဆန်ကို ဒေသခံတွေဆီကချေးငှားပြီး စားနေရတယ်။ စစ်တပ် ဘက်ကတော့ သံတောင်မြောက်ပိုင်းမှာ ပိတ်တယ်။ ဆီးဘူးကနေ ကရင်နီတစ်ကြောက နယ်ခံလက်နက်ကိုင် နယ်မြေတွေချည်းပဲ။ အစစ်အဆေးတွေလည်းရှိတယ်။ စစ်ရှောင်ကူအဖွဲ့တွေက သက်ဆိုင်ရာကို ခွင့်တောင်း ပြီးမှ သွားလှူရတော့ မသွားချင်ကြတော့ဘူး။ ဒီးမော့ဆိုဘက်မှာလည်း ငတ်နေတဲ့သူတွေ အများကြီး ဆို တော့ အဲဒီဘက်ပဲလှူကြတော့တာ။” ဟု ကေအိုင်စီသို့ ပြောသည်။

ဖယ်ခုံမြို့နယ်အပါအဝင် ကရင်နီပြည်နယ်အတွင်းရှိသော စစ်ဘေးရှောင်ပြည်သူများအား ဒေသတွင်း အရပ် ဖက်အဖွဲ့များအနေဖြင့် လက်လှမ်းမီသလောက် အကူအညီပေးနေသလို နိုင်ငံတကာအလှူရှင်၊ စစ်ဘေးရှောင် ကူညီသည့် အဖွဲ့အစည်းများသို့ လိုအပ်သောအကူအညီတောင်းခံရာတွင် အရေးပေါ်ထောက်ပံ့မှုအနေဖြင့်သာ ရရှိ၍ အမှန်တကယ် လိုအပ်ချက်ကြီးမားသောနေရာများသို့ မရောက်နိုင်ကြောင်း ကရင်နီလူ့အခွင့် အရေး အဖွဲ့-KnHRG ၏ ဒါရိုက်တာ ဦးဗညားခွန်အောင်က ပြောသည်။

“နိုင်ငံတကာအကူအညီက အရေးပေါ်အနေနဲ့ပဲရရှိတာပါ။ UNHCR ကလည်း စစ်ကောင်စီ ခွင့်ပြုတဲ့အခြေ အနေမှာပဲ လှုပ်ရှားနေတော့ လိုအပ်တဲ့နေရာတွေကို မရောက်ဘူး။ တချို့ လက်လှမ်းမမီတဲ့နေရာတွေမှာ ဒေသခံအစုအဖွဲ့တွေနဲ့ပူးပေါင်းပြီး ကျနော်တို့ လုပ်ဆောင်ရတယ်။ လိုအပ်ချက်က ဆန်၊ ဆီ၊ ဆား တစ်ခု တည်းမဟုတ်ဘူးလေ ပညာရေး၊ကျန်းမာရေးနဲ့ အခြားအတွက် ကျနော်တို့ ငွေကြေးလိုအပ်တယ်။” ဟု ဦးဗညားခွန်အောင်က ဆိုသည်။

ထို့အပြင် ကရင်နီတွင် စစ်ကောင်စီဘက်မှ ဆန်၊ ဆီ တင်သွင်းခြင်းအား ကန့်သတ်ပိတ်ဆို့မှုများရှိနေပြီး အချို့နေရာများတွင် ကားတစ်စီးလျှင် ဆန်အိတ် သုံးအိတ် လေးအိတ်သာ တင်ဆောင်ခွင့်ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် တော်လှန်ရေးအရှိန်အဟုန် အားကောင်းနေသော်လည်း ဒေသခံလူထုမှာ စစ်ကောင်စီ၏လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှု အများအပြား ခံနေရသောကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေးတွင် လိုအပ်ချက်များစွာရှိနေသလို ယခုနှစ်ဝက်တာကာလအတွင်း စစ်ကောင်စီက စစ်ဘေးရှောင်စခန်းများအား ပစ်မှတ်ထား တိုက်ခိုက်မှုများလုပ်ဆောင်လာသဖြင့် ထိခိုက် သေဆုံးသူများလည်း ရှိနေသည်။

ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်တို့အပါအဝင် ကရင်နီပြည်နယ်ရှိ မြို့နယ်ပေါင်း(၇)ခုတွင် လူဦးရေ ၄ သိန်းခွဲဝန်းကျင်ရှိသည့်အနက် လက်ရှိအချိန်ထိ ဒေသတွင်း ပဋိပက္ခများကြောင့် စစ်ဘေးတိမ်း ရှောင်နေရသူ စုစုပေါင်း ၂ သိန်းခွဲကျော် ရှိလာနေကြောင်း KnHRG ၏ စာရင်းကောက်ခံပြုစု ထားချက်အရ သိရသည်။