စက်တင်ဘာလ ၁၉ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးနင်းသည်ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယမန်နေ့ညနေက သေနတ်ဖြင့်လိုက်လံ ပစ်ခတ်ခဲ့ကြောင်း မြိတ်မြို့ဒေသခံများထံ မှသိရသည်။
အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားသည့် မြိတ်မြို့တွင် ယမန်နေ့ညနေ ၆ နာရီ ဝန်းကျင်အချိန်ခန့်တွင် အရပ်သားပြည်သူ အမျိုးသား နှစ်ဦး ဆိုင်ကယ် အတူစီးနင်းလာသည်ကို တွေ့ရှိ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့်လိုက်လံပစ်ခတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် မြိတ်မြို့ခံ တစ်ဦးက ယခုလိုပြောသည်။
၎င်းက “ညမထွက်ရအမိန့်တော့မရှိပေမဲ့ ယောက်ျားလေး နှစ်ယောက်ကတော့ တူတူ ဆိုင်ကယ်စီးမရဘူး။ ဒီရက်ပိုင်းမှာဘဲ အဲ့လို အတူတူ ဆိုင်ကယ်စီးတာတွေ တွေ့ရင်ကားနဲ့လိုက်တိုက်တယ်လို့ ကြားနေရတယ်။ မနေ့ည နေကလည်း အစောပိုင်းကြီး သေနတ်နဲ့လိုက်ပစ်တာလမ်းမှာ ၆နာရီလောက်ဘဲ ရှိသေးတယ်။ သူတို့က အဲ့လို ယောက်ျားလေး အတူတူစီးရင် PDFလို့ထင်နေတာ။” ဟု ကေအိုင်စီ သို့ပြောသည်။
ထိုသို့ အပစ်ခံလိုက်ရသောကြောင့် အဆိုပါ အမျိုးသား နှစ်ဦးမှာ ဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကျန်သူများမှာလည်း ကြောက်လန့် ထွက်ပြေးသွားကြသောကြောင့် အပစ်ခံရသည့် အမျိုးသားနှစ်ဦးမှာ ထိခိုက်မှုရှိ မရှိကိုမူ မသိရှိရကြောင်း အဆိုပါ မြို့ခံ က ဆက်ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ညအချိန် ဆိုင်ကယ်စီးနင်းပြန်လာသည့် သားအဖ နှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ရိုက်နှက်ဖမ်းဆီးကာ စီးလာသော ဆိုင်ကယ်ကို သိမ်းယူလိုက်ပြီး ငွေကျပ် သုံးသိန်းဖြင့် ပြန်လည်ရွေးယူရန် ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်ခဲ့သေးကြောင်း ၎င်းမြို့ခံက ဖြည့်စွက်ပြော သည်။
မြိတ်မြို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရအမိန့်ကို ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ၊နိုဝင်ဘာလမှ စတင်ပြီး အာဏာ သိမ်း စစ်ကောင်စီ မှ အမိန့် စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုလ ၁၅ရက်နေ့တွင်လည်း ထပ်မံ၍ အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးပါက ပစ်မိန့်ထုတ်ပြီး၊ စီးလာသော ဆိုင်ကယ်ကိုပါ နှစ်ပတ်သိမ်းမည်ဖြစ်ကြောင်း ထပ်တိုး ကြေညာ ထားသည်ဟု မြို့ခံများကဆိုသည်။
အဆိုပါအမျိုးသားနှစ်ဦး ဆိုင်ကယ်စီးနှင်းခွင့်ကို ကန့်သတ်ပိတ်ပင်ထားမှုကြောင့် အလုပ်အတွက် အသွားအပြန် ပြုလုပ်နေရသည့် အခြေခံ အလုပ်သမားများ အနေဖြင့် သွားလာရေး အခက်တွေ့နေရကြောင်း နောက်ထပ် အမည်မဖော်လိုသူ မြိတ်မြို့ ခံတစ်ဦးက ပြောသည်။
“ဒီလထဲမှာဘဲ ထပ်ထုတ်လိုက်တာ။ နေအိမ်တွေ လမ်းထောင့်တွေမှာ စာရွတ်တွေလိုက်ကပ်တယ်။ အဲ့လို ထပ် ထုတ်လိုက်တော့ ညဘက်မှ ပြန်လာတာတို့ အလုပ်သွားတာတို့ဆိုရင် စက်ဘီးကိုပြောင်းပြီး စီးရတော့ သွားလာ ရတာ အဆင်မပြေဘူးလေး။ အကယ်၍ ဆိုင်ကယ်သိမ်းခံထိရင်လည်း ရုံးမှာသွားပြီး သုံးသိန်းနဲ့ သွားရွေး ရတယ် ။” ဟု ကေအိုင်စီ သို့ပြောသည်။
အလားတူ မြိတ်မြို့အနီးရှိ ရေဖြူမြို့နယ် ကံပေါက်မြို့တွင်လည်း စစ်ကောင်စီမှ ဆိုင်ကယ် စီးနင်းခွင့်ကို ယခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ပိတ်ပင်ထားရာ ဒေသခံများအနေဖြင့် ဆိုင်ကယ်အစား စက်ဘီးများအပြင် ဘေးတွဲ ဆိုင်ကယ်များကို အစားထိုးပြောင်းလဲစီးနင်းအသုံးပြုနေရကြောင်း ကံပေါက်မြို့နေ ဒေသခံများထံ မှသိရသည်။