Home သတင်း ပင်လယ်ထွက်ဝ အနီးကျေးရွာ ရှိ စစ်ရှောင်ပြည်သူများ မိုးများ၍ နေရာထိုင်ခင်း အခက်ကြုံနေ

ပင်လယ်ထွက်ဝ အနီးကျေးရွာ ရှိ စစ်ရှောင်ပြည်သူများ မိုးများ၍ နေရာထိုင်ခင်း အခက်ကြုံနေ

130
Photo: CJ

စက်တင်ဘာလ ၁၈ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ပင်လယ်ထွက်ဝအနီး ကျေးရွာရှိ စစ်ရှောင်ပြည် သူများအနေဖြင့် မိုးများ၍ နေရာထိုင်ခင်းနှင့် အမိုးအကာ လိုအပ်ချက်များရှိနေကြောင်း ၎င်းတို့ကို ကူညီပေး နေသည့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့အစည်းများက ပြောသည်။

လောင်းလုံးမြို့နယ်၏ ပင်လယ်ထွက်ဝအနီးရှိ ညောပြင်ကျေးရွာ၊ အောက်ကျောက်ဝပ်ကျေးရွာ ၊ကျောင်ဝပ်ပြင် ကျေးရွာ နှင့် အနီးအနားရှိ ကျေးရွာဒေသခံပြည်သူများအနေဖြင့် ပြီးခဲ့သည့် မတ်လ ဒုတိယအပတ်လောက်မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဘေးလွတ် ရာ ပင်လယ်ကမ်းစပ်တောများတွင် ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်ခိုလှုံ နေကြရသေး ကြောင်း စစ်ဘေးရှောင် ကူညီသူတစ်ဦးက ယခုလို ပြောသည်။

၎င်းက “စစ်တပ်က ကမ်းကိုဝင်ကပ်တာမျိုးတွေရှိတယ်။ အဲ့လိုတွေလုပ်တော့ ရွာသားတွေက ရွာမှာ မနေ ရဲကြတော့ဘူး။ ပြီးခဲ့တဲ့ မတ်လလောက်က ရွာထဲကို စစ်ကြောင်းထိုးဝင်ပြီးတော့ လူလေးယောက် ပစ်သတ် သွားတာမျိုး တွေရှိတာပေါ့။ ပြီးတော့အိမ်တွေမီးရှို့သွားတာမျိုးလုပ်တယ်။ မိုးရာသီကာလဆိုလို့ရှိရင် လိုအပ် ချက်က တော်တော်လေးရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့တွေက အညာဒေသတွေနဲ့မတူတာက မိုးက တော်တော်များတယ်။ ပင်လယ်နဲ့လည်းနီးတော့ လေကတော်တော်လေးကြမ်းတယ်။” ဟု ကေအိုင်စီ သို့ပြော သည်။

လက်ရှိ စစ်ဘေးရှောင်နေရဆဲ ဒေသခံ ပြည်သူလူထုမှာ စုစုပေါင်း (၆,၀၀၀) ကျော်ရှိနေပြီး ၎င်းတို့အတွက် စစ်ရှောင်ကူညီသူများအနေဖြင့် လိုအပ်သည့် စားနှပ်ရိက္ခာများသွားရောက် လှူဒါန်းရာတွင်လည်း လမ်းခရီး အခက်အခဲ များကို ကြုံတွေ့နေရကြောင်း ၎င်းစစ်ရှောင်ကူညီသူကဆက်ပြောသည်။

ထို့အပြင် စစ်တပ်ကအုပ်ချုပ်လာသည့် (၂) နှစ်ကျော်ကြာကာလအတွင်း အခြေခံစားသောက်ကုန်ဈေးနူန်းများမှာ လည်း တစ်လထက်တစ်လ ဈေးနူန်းများ အဆမတန် မြင့်တတ်လာသောကြောင့် စစ်ရှောင်ကူညီသူများ အနေ ဖြင့် စစ်ဘေးရှောင်များကို လှူဒါန်းရာတွင် အခြေခံ စားသောက်ကုန်ဖြစ်သည့် ကြက်သွန်ဖြူ နှင့်ကြက်သွန်နီ များကလွဲ၍ အခြားအခြေခံ စားသောက်ကုန်များကိုသာ လှူဒါန်းပေးနိုင်ကြောင်း နောက်ထပ် စစ်ဘေးရှောင် ကူညီသူ တစ်ဦး ယခုလိုပြောသည်။

၎င်းက “စစ်ရှောင်ကူညီတဲ့အဖွဲ့တွေက ပုံမှန်တော့ မဟုတ်ဘူးပေါ့။ အဆင်ပြေရင် အဆင်ပြေသလို လှူတာမျိုး တွေလည်းရှိတယ်။ ဒါပေမဲ့ အစားသောက်တွေဆိုလို့ရှိရင်လည်း တော်တော်လေး အခက်အခဲရှိတယ်။ ကုန်ဈေး နူန်းတွေကလည်း မြင့်နေတော့ ကြက်သွန်ဖြူတစ်ပိဿာကို တစ်သောင်းဝန်းကျင် လောက်ပေးနေရတယ်။ အဲ့တော့ ကျနော်တို့ စစ်ရှောင်ကူညီရေးအတွက် ရိက္ခာတွေ လှူတဲ့အခါမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ချန်ခဲ့ပြီးတော့ လှူနေရတာမျိုးတွေရှိတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

အလားတူ အဆိုပါပင်လယ်ထွက်ဝအနီးရှိ လမ်းပိုင်းများတွင် စစ်ကောင်စီနှင့် လက်နက်ကိုင်ပျူစောထီး တပ်ဖွဲ့ဝင်များမှ စစ်ဆေးရေးဂိတ်များချကာ ဆန်အိတ်တင်ဆောင်ပြီး ဖြတ်သန်းသွားလာနေသည့် ကားများထံမှ ငွေညှစ်ခြိမ်း ခြောက်တောင်းခံမှုများလည်း ရှိနေကြောင်း ကိုယ်တွေ့ကြုံရသည့် ကားသမားများက ဆိုသည်။

လတ်တလောတွင်လည်း စစ်ကောင်စီ၏ ရေတပ်ဘက်မှ ကျေးရွာအတွင်း မကြာခဏ ဝင်ရောက်လာပြီး ကျေးရွာ သားများကို ဖမ်းဆီးခြင်း သတ်ဖြတ်ခြင်းများရှိသောကြောင့် ဒေသခံများအနေဖြင့် မိမိနေအိမ်ကို မပြန်ရဲကြ သေးဘဲ စစ်ကောင်စီ တပ်သားများ ရွာအတွင်း ထွက်သွားခါမှ နေအိမ်မှ လိုအပ်သည်များကို ပြန်ယူ၍ စစ်ရှောင် စခန်းများတွင်သာ နေထိုင်နေကြရသေးကြောင်း စစ်ရှောင်ကူညီသူများက ဆိုသည်။