Home သတင်း တိုက်ခိုက်သိမ်းပိုက်ခံရသည့် ရေတလျောက်ဂိတ်စခန်းအနီး စစ်ကောင်စီ ပြန်လည်ဝင်ရောက်

တိုက်ခိုက်သိမ်းပိုက်ခံရသည့် ရေတလျောက်ဂိတ်စခန်းအနီး စစ်ကောင်စီ ပြန်လည်ဝင်ရောက်

452

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မှ စက်တင်ဘာလ ၁၄ရက်နေ့က တိုက်ခိုက်သိမ်း ပိုက်ခဲ့ သော ကော့ကရိတ်မြို့နယ် ထိုင်း-မြန်မာ နယ်စပ် ပိုင်ကလန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ ရေတလျောက် ဂိတ်စခန်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်လာကြောင်း KNLA သတင်း အရင်း အမြစ် များက အတည်ပြုပြောဆိုသည်။

KNLA တပ်ရင်း (၁၈) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သော အဆိုပါ ဂိတ်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံဘက်ခြမ်းတွင် ရောက်ရှိနေသည့် အင်အား ၁၀၀ နီးပါးရှိသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြန်လည် ဝင် ရောက်လာခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ KNLA အရာရှိတစ်ဦးက ယခုလို ပြောသည်။

၎င်းက “လေးတော်ခို့ က ထိုင်းဘက်ခြမ်းမှာရှိတဲ့ အဖွဲ့က သူတို့ နေရာကို ပြန်လာကြည့်တာပါ။ သေသွားတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်အလောင်းတွေကို ပြန်လာကြည့်ကြတာပါ။ ကွီလုံတိုင်စခန်းကိုသွားလို့မရတော့ သူတို့ စခန်း ဟောင်းကို ပြန်လာကြည့်တဲ့သဘောပါ။ အင်အား ၁၀၀ လောက်တော့ရှိမယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ အသိမ်းခံလိုက်ရသည့် ရေတလျောက်ဂိတ်စခန်းကုန်းပေါ်တွင် ဝင်ရောက် တပ်စွဲတာမျိုး မလုပ်တော့ဘဲ ၎င်းစခန်းနှင့် ကိုက် ၂၀၀ အကွာရှိ ထိုလွီဝါး ကျေးရွာအတွင်းရှိ ကျေးရွာ နေအိမ်များနှင့် စာသင် ကျောင်းများတွင် ဝင်ရောက်တပ်စွဲ နေရာယူနေကြောင်းလည်းအဆိုပါ KNLA အရာရှိက ဆက်ပြောသည်။

၎င်းပြန်လည် ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကွီလုံတိုင် စခန်းကို စစ်အင်အား ဖြည့်တင်း ရန် ထိုင်းနိုင်ငံဘက်ခြမ်းမှ ပတ်ဝင်ရန် ကြိုးပမ်းသည့် တပ်ဖွဲ့ဝင်များဖြစ်ပြီး လတ်တလောတွင် နှစ်ဖက် ပစ်ခတ်မှု မရှိသေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။

၎င်းရေတလျောက်ဂိတ်စခန်းကို စက်တင်ဘာလ ၁၄ရက်နေ့ နံနက်ပိုင်းကစ၍ KNLA ပူးပေါင်တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စခန်းသိမ်းပိုက်ရရှိမှုအပြီး စစ်ကောင်စီဘက်မှ (၉) ဦးသေဆုံးကာ အခြားတပ်သားများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ KNLA – တော်လှန်ရေး ပူးပေါင်းတပ်ဖွဲမှလည်း (၃) ဦး ဒဏ်ရာရပြီး (၁) ဦးကျဆုံးသွားခဲ့ကြောင်း ကေအဲန်ယူ ဘက်က သတင်းထုတ်ပြန်သည်။

ထို့အပြင် ၎င်းဂိတ်စခန်းမှ စစ်ကောင်စီ၏ MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြိး စက်လက် (၁) လက် တို့ဖြစ်ပြီး ခဲယမ်း ကျည်ဆံနှင့် အခြားပစ္စည်းများမှာ RPG-7 ကျည် (၇၀) လုံး၊ 81mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံးစသည်ဖြင့် သိမ်းဆည်းရမိကြောင်း ကေအဲန်ယူဘက်က ထုတ်ပြန်ထားသည်။