စက်တင်ဘာ ၁၆ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်(KNU ဝင်းရေးမြို့နယ်) ဝင်းရော်ဒေသ ခလယ် ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်မှ အမြှောက်လက်နက်ကြီးများဖြင့် လှမ်း ပစ်ခတ်ပြီး ထိုးစစ်ဆင်လာသည့်အတွက် ဒေသခံလူထုထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီပူးပေါင်းတို့ ထိုးစစ်ဆင်လာမှုကြောင့် ဘုရားငါးဆူ၊ မြို့ဟောင်း၊ ခလယ် ရွာလေး၊ နောင်းဒေ့၊ ခလယ်ရွာကြီး၊ ပုလိန်ရွာနှင့် တံခွန်တိုင် အုပ်စုကျေးရွာများ တို့မှ ဒေသခံလူထုထောင်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည့်အတွက် အစားအစာနှင့် အဝတ် အထည်များ အရေးတကြီးလိုအပ်လျက်ရှိသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။
ထို့အပြင် မွန်ပြည်နယ် အဘစ်ကျေးရွာတွင် အခြေစိုက် စစ်ကောင်စီအမြှောက်တပ် -အမတ ၃၁၈ တပ်ရင်းမှ ခလယ်ကျေးရွာအတွင်းသို့ ၁၂ဝ မမ၊ ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် နေ့စဉ်လှမ်းပစ်ခတ်နေသည့်အပြင် စက်တင်ဘာလ ၁၄ ရက်နေ့က မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် -ရတခမှ Mi 35 တိုက်လေဖြင့် လာရောက် ပစ်ခတ်သည့်အတွက် ကျေးရွာရှိလူနေအိမ်များ ထိမှန်ပျက်စီးမှုရှိသည်ဟု ဒေသခံများက ပြောသည်။
စစ်ရှောင်အမျိုးသမီးတစ်ဦးက “ ခလယ်တစ်ရွာလုံးပဲ ထွက်ပြေးလာကြတာပါ။ လူပေါင်း ထောင်သောင်းလောက်ရှိမယ်။ လက်နက်ကြီးနဲ့ရော လေယာဉ်နဲ့ရောလာပစ်လို့ အိမ်တွေ ထိမှန်ပျက်စီးထားတာရှိတယ်။ အခက်အခဲတွေအများကြီး ဝတ်စရာမရှိ စားစရာ မရှိ ဖြစ်နေတယ်။ အိမ်ကနေဘာမှသယ်ယူလာမမီဘူး။ စားဖို့နေဖို့အခက်အခဲရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း-ခလရ (၂) နှင့် နယ်ခြားစောင့် တပ် (BGF) အမှတ် ၁ဝ၂၁ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့များသည် မွန်ပြည်နယ် ကျိုက်မရောမြို့ နယ် တောင်ကလေး၊ ကနာလိုရွာမှတစ်ဆင့် လှကဇိုင်း၊ တော့ပလောရွာ ဝင်းရော်ဒေသ လမ်းမကြီးအတိုင်း ထိုးစစ်ဆင်လာပြီး စက်တင်ဘာ ၁၃ ရက်နေ့တွင် မြို့ဟောင်းရွာ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းနှင့် ခလယ်ရွာလေးဘုန်းကြီးကျောင်းဝင်းတွင် တပ်စွဲထားလျက်ရှိသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လတုန်းကလည်း တံခွန်တိုင်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များထံ ရိက္ခာလက်နက်များနှင့် တပ်အင်အားများ လာရောက်ဖြည့်ဆည်းနိုင်ရန်အတွက် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များသည် ပုလိန်ရွာနှင့် ခလယ်ရွာအနီးအထိ ထိုးစစ်ဆင်လာခဲ့သော်လည်း စခန်းအတွင်းသို့ ဝင်ရောက်နိုင် ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ထိုသို့ ထိုးစစ်ဆင်ရာတွင် ကျေးရွာများတွင်းသို့ တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် အရပ်သားအိမ်အများအပြား ထိမှန်ပျက်စီးခဲ့ သေးကြောင်း ဒေသခံများထံမှ သိရသည်။