စက်တင်ဘာ ၁၈ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် အုပ်ချုပ်မှုနယ် မြေဖြစ်သည့် ဝင်းရော်ဒေသ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုတွင် စက်တင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီ တပ်နှင့် နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကြောင်းထိုးဝင်ရောက်လာ၍ စာသင်ကျောင်း ၂ဝ နီးပါး ယာယီပိတ်ထားရပြီး ကျောင်းသားကျောင်းသူ (၁,ဝဝဝ) ကျော် ပညာသင်ကြားမှု ရပ်ဆိုင်းထားရသည်ဟု ကျောင်းဆရာများထံမှ သိရသည်။
စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းသည် ကျေးရွာစာသင်ကျောင်းများနှင့် ဘာသာ ရေးအဆောက်အဦးနေရာများတွင် ဝင်ရောက် တပ်စွဲနေသည့်အတွက် ခလယ်၊ ဘုရားငါးဆူ၊ နောင်းဒေ့၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ဇီးဖြူကုန်း၊ ပုလိန်၊ တံခွန်တိုင်ရွာနှင့် နန်းသိုင်းထွန်း ရွာရှိ စာသင်ကျောင်း ၂ဝ နီးပါး ယာယီပိတ်ထားရသည့်အပြင် ဒေသခံရွာသားများနှင့်အတူ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ကျောင်းဆရာ တစ်ဦးက ယခုလိုပြောသည်။
“စစ်ကြောင်းတက်လာတော့ ကျောင်းတွေအားလုံးပိတ်ထားလိုက်ရတယ်။ သူတို့က စာသင်ကျောင်းမှာနေတယ်။ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေမှာ တပ်စွဲထိုးစစ်ဆင်တယ်။ ရွာထဲကိုလည်း လက်နက်ကြီးမျိုးစုံ လှမ်းပစ် တော့ နေအိမ်တွေထိမှန်ပျက်စီးမှုများတယ်။ စစ်ကြောင်းခဏခဏထိုးလာလို့ ကလေးတွေက ၂ နှစ်ကျော်လာပြီး စာသင်ကြားမှု လအနည်းငယ်ပဲရကြတယ်။ ခုလဲပုန်းရှောင်နေရပြန်ပြီး” ဟု ယနေ့စက်တင်ဘာ ၁၈ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။
စစ်ကြောင်းထိုးလာမှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများထဲတွင် စစ်ကောင်စီလက်အောက် စီမံခန့်ခွဲထားသည့် စာသင်ကျောင်းများနှင့် ကျေးရွာကိုယ်ထူကိုယ်ထစာသင်ကျောင်းတို့ ပါဝင်ပြီး စာသင်ကျောင်း ဝင်းထဲတွင် စစ်ကောင်စီတပ်များ တပ်စွဲထားလျှက်ရှိနေသည့်အတွက် မည်သည့်အချိန်မှ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်မည်ကို ကျောင်းသားမိဘများက စိုးရိမ်နေလျှက်ရှိနေသည်ဟု သိရသည်။
KNU ဝင်းရေးမြို့နယ် အုပ်ချုပ်မှုနယ်မြေဖြစ်သည့် လှကဇိုင်း၊ တော့ပလော့၊ ဘုရားငါးဆူ၊ ဝင်းရော်ဒေသလမ်းမ တစ်လျှောက်နှင့် ခလယ်ရွာကြီးအတွင်းထိ စစ်ကောင်စီပူးပေါင်းတို့ တပ်စွဲထိန်းချုပ်ထားလျှက်ရှိပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် စစ်ရှောင်ကျေးရွာရှိ လူနေအိမ်အများအပြားလည်း ဖောက်ထွင်းဖျက်စီးခံထားရသည်ဟု ဒေသသတင်းအရင်းအမြစ်ထံမှ သိရသည်။
အဆိုပါ ဝင်းရော်ဒေသလို့ စစ်ကြောင်းထိုး အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ကျိုက်ထိုအခြေစိုက် တပ်မ (၄၄) လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၂)၊ အမြောက်တပ်(အမတ-၃၁၈) (အဘစ်အမြှောက်တပ်) နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ BGF တပ်ရင်း (၁၀၂၁) နှင့် BGF တပ်နယ် (၃) စုစုပေါင်း အင်အား (၁၀၀) ခန့်ရှိပြီး နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့များနှင့်လည်း တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများပါ အသုံးပြုခဲ့ကြောင်း ကေအဲန်ယူ ဘက်က ထုတ်ပြန်ထားသည်။
ဝင်းရော်ဒေသတွင် မွန်၊ ပအိုဝ်း၊ ဗမာ၊ သျှမ်း(ရှမ်း)နှင့် ကရင်တိုင်းရင်းသားများ ရောနှောနေထိုင်သည့်အတွက် ကိုယ်ထူကိုယ်ထကျောင်း၊ တိုင်းရင်းသားစာသင်ကျောင်းများနှင့်၊ စစ်ကောင်စီစီမံခန့်ခွဲအုပ်ချုပ်သည့် စာသင် ကျောင်းများ ဖွင့်လှစ်ထားလျှက်ရှိပြီး ခေတ်အဆက်ဆက်တွင် နှစ်စဉ်ပညာရေးထူးချွန်ကျောင်းသားအများဆုံး မွေးထုတ်ပေးနိုင်သည့် ဒေသတစ်ခုလည်းဖြစ်သည်ဟု ဆရာဆရာမများထံမှ သိရသည်။