စက်တင်ဘာလ(၁၈)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျောက်ဖျာ၊ ချောင်းစောက်(ရွာသစ်) အစရှိသည့် ကျေးရွာများရှိ မြေပဲစိုက် တောင်သူများ၏ မြေပဲခင်းသို့ ကြွက်များဝင်ရောက်ဖျက်ဆီးမှုကြောင့် နှုတ်သိမ်းချိန်စောပြီး အလေအလွင့် ဖြစ်သည့် အခက်အခဲများ တွေ့ကြုံနေရကြောင်း မြေပဲစိုက်တောင်သူများထံမှသိရသည်။
နှစ်စဥ် မေလနှင့်ဇွန်လတွင် စတင်စိုက်ပျိုး၍ စက်တင်ဘာလမှ နှစ်ကုန်သည့်အတွင်း ရိတ်သိမ်းရသော မိုးမြေပဲများဖြစ်ပြီး ယခုနှစ်တွင် ကြွက်ဝင်ရောက်ဖျက်ဆီးသဖြင့် စိုက်ခင်းအများစု ရိတ်သိမ်းချိန် စော၍ နှုတ်လိုက်ရပြီး အရည်အသွေးကောင်းသော မြေပဲများမရရှိတော့ဟု မြေပဲစိုက်တောင်သူတစ်ဦးက ယခုလို ပြောသည်။
“ကြွက်တွေစားတော့ ဘယ်လောက်မှပြန်မရတော့ဘူး။ ရိတ်လာတဲ့ဟာတွေမှာလည်း နုတ်တာမြန်သွားတာ အနုတွေအများကြီးပါလာတော့ သိပ်မကောင်းဘူး။ အကုန်ဖယ်ပစ်ရတယ်။ တချို့စိုက်ခင်းကျတော့ မြေပဲ အရင့်တွေရတော့ တော်သေးတယ်။ ကြွက်ဝင်ကိုက်တာ စိုက်ခင်းတော်တော်များများပါပဲ။ ကျနော်တို့လည်း နောက်တစ်ကြောပြန်ထပ်စိုက်ရဦးမယ်” ဟု ကေအိုင်စီသို့ ပြောသည်။
မိုးမြေပဲနှင့်ဆောင်းမြေပဲတွင် ဆောင်းမြေပဲအစိုက်များသော မွန်ပြည်နယ်အတွင်း ကျိုက်ထိုမြို့နယ် အပါ အဝင် ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်နှင့်ဘီးလင်း ဆောင်းသီးနှံအဖြစ်စိုက်ပျိုးကြသလို ယခုနှစ်၏ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စတင်စိုက်ပျိုးပါက နောက်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ရိတ်သိမ်းရကြောင်း တောင်သူများက ဆိုသည်။
နောက်ထပ် မြေပဲစိုက်တောင်သူတစ်ဦးက “တချို့ကျတော့လည်း ကိုယ်တိုင်စိုက်ပြီး ဆီကြိတ်စားတာရှိတယ်။ တစ်ချို့က ရောင်းဖို့အတွက်စိုက်တယ်။ တချို့ကျတော့လည်း ဘယ်လောက်မှမရတော့ စုထားပြီး မှရောင်း တာ။ အခုတစ်ခေါက်က ကြွက်ကိုက်စားလို့ တော်တော်လေးလိုက်နှုတ်ရတယ်။ အခုမှတစ်ကြော ပြန်စိုက် ရင်တော့ ဆောင်းပေါက်မှ နုတ်ရမှာပေါ့လေ။ ပြီးရင် သိမ်ဇရပ်ဘက်က ပွဲရုံတွေဘက်ကိုပို့တယ်လေ။” ဟု ကေအိုင်စီသို့ ပြောသည်။
မြေပဲအား စားသုံးဆီ အဖြစ်အဓိက စိုက်ပျိုးခြင်းအပြင် မြေပဲကြော်၊ မြေပဲလှော် စသည့် မုန့်ပဲသရေစာ အနေဖြင့်လည်း ပြည်တွင်းတွင် စားသုံးကြ၍ အရေးပါသောစားသောက်ကုန်တစ်ခုဖြစ်သလို စားသုံးဆီ အပြင် ထွက်ရှိလာသော မြေပဲဆန်(အဖြူ)များအား ထိုင်းနိုင်ငံသို့ဖြစ်စေ မြေပဲဆန်(အနီ)များအား တရုတ် နိုင်ငံသို့ဖြစ်စေ တင်ပို့ရောင်းချမှုရှိကြောင်း သိရသည်။
ယခု စက်တင်ဘာလ ပထမအပတ်အတွင်း မော်လမြိုင်မြို့ ကုန်စည်ဒိုင်မှ ရောင်းချနေသော ပဲမျိုးစုံ ဈေးကွက်တွင် လေ့လာချက်အရ မြေပဲ ၂၀ ပိဿာဝင် တစ်တင်းလျှင် မြန်မာကျပ်ငွေ ခုနှစ်သောင်း နီးပါး ပေါက်ဈေးရှိနေသလို မြေပဲဆီတစ်ပိဿာလျှင် ကျပ်ငွေ ၁ သောင်း ၅ ထောင်ဝန်းကျင် ပေးဝယ်နေရ၍ စားသုံးဆီ တစ်ပိဿာလျှင် ၅ ထောင်ကျော် ဝန်းကျင်အထိ ရှိနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းကလည်း ပြည်တွင်းရှိ မြေပဲအား ကုန်ကြမ်းအဖြစ် ဝယ်ယူ၍ စားသုံး ဆီအနေဖြင့်ပြန်လည်ထုတ်လုပ်မှု များပြားလာသည့်အတွက် မွန်ပြည်နယ်၏ မြေပဲဈေးနှုန်းများသည် တစ်တင်းလျှင် ငွေကျပ် ခြောက်သောင်းကျော်ရှိခဲ့ရာမှာ ရှစ်သောင်းကျော်အထိ စံချိန်တင်မြင့်တက်မှု ဖြစ်ပွားခဲ့သေးသည်။