စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့တွင် ညကင်းပတ်နေသော စစ်ကောင်စီတပ်က စက်တင်ဘာ ၁၅ရက်နေ့ ညအချိန်တွင် အလုပ်မှ နေအိမ်ပြန်လာသော ကြက်ခြံလုပ်သားနှစ်ဦးကို အမှတ် ၇ ရပ်ကွက်တွင် ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်းကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။
ကော့ကရိတ်မြို့ထဲတွင် စစ်ကောင်စီတပ်က ညမထွက်ရအမိန့် (မာရှယ်လော)ကို နံနက် ၄နာရီ မှ ည ၁၀ နာရီ အထိထုတ်ပြန်ထားပြီး ညအချိန်တွင် စစ်ကား ၃ စီးခန့်ဖြင့် ကင်းပတ်စစ်ဆေးမှုများလုပ်ဆောင်စဉ် ယခုလို ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၇ ရပ်ကွက်နေ့ မြို့ခံတစ်ဦးက ယခုလို ပြောသည်။
၎င်းက “အရင်က စစ်တပ် နဲ့ ရဲ၊ BGF တွေ ကင်းပတ်တာမှာ သေနတ်ခြောက်လှန့် ဖောက်တာရှိတယ်။ ပစ်တာ တွေမရှိဘူး။ သူတို့ပတ်တဲ့အချိန် လမ်းမှာလူတွေ့ရင် စစ်ဆေးတာလောက်ဘဲရှိတယ်။ အခု မနေ့က ညက ၁၀နာရီ မထိုးခင်လေးဘဲ အမှတ် (၇)က ကြက်မွေးခြံက ပြန်လာတဲ့ အစ္စလမ်တစ်ယောက် မြန်မာအလုပ်သမား တစ် ယောက်ပစ်ဖမ်းခံထိတယ်။ အဲ့မှာ ကြက်ခြံလုပ်တဲ့ အစ္စလမ် တစ်ယောက်သေတယ်။ မြန်မာ အလုပ်သမား ကတော့ သေနတ်ဒဏ်ရာပြင်းတယ်” ဟု စက်တင်ဘာလ ၁၆ ရက်နေ့က ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ကရင်ပြည်နယ်အတွင်း ကျေးရွာဒေသများအား စစ်တပ်က နယ်မြေစိုးမိုးအုပ်ချုပ်နိုင်မှု အားနည်းလာပြီး မြို့ပေါ် ရပ်ကွက်များကိုသာ အခိုင်အမာအုပ်ချုပ်နိုင်သည့် အခြေအနေတွင် စစ်တပ် အုပ်ချုပ်ရေး နေရာများ မတိုက်ခိုက်ခံရရေးအတွက် လုံခြုံရေးတိုးမြှင့် လုပ်ဆောင်ရာတွင်မြို့တွင်း အချိန်ကျော်သွားလာပါက ဖမ်းဆီး အရေးယူမှုထက် ပစ်ခတ်သတ်ဖြတ်ဖမ်းဆီးရန် အမိန့်ထုတ်လာနေကြောင်း သိရသည်။
KNLA ပူးပေါင်းတပ်ဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက “သူတို့ စစ်တပ်က မြို့ပြင် စစ်ကြောင်း မထွက်ရဲတော့ဘူး။ မြို့ထဲမှာလည်း လုံလုံခြုံခြုံ မနေရဲတော့ဘူး။ မြို့ထဲက သူတို့နေတဲ့ နေရာတွေလာတိုက်ခံရမှာကြောက်တော့ ညဆို မူးရူးပြီး ကင်းပတ်ကျိန်းဆို သေနတ်နဲ့ ဟိုပစ် ဒီပစ် လုပ်တယ်။ အခု မြဝတီမှာ ဒရုန်းဗုံးချခံရပြီး ကတည်း က ကော့ကရိတ်က စစ်တပ်အုပ်စုတွေ ပိုဆိုးလာတယ်။ ညဘက် သူတို့ကို ကရင်အဖွဲ့တွေ PDFတွေ လာပစ် လာလုပ်မှာ တော်တော်ကြောက်နေကြပြီး” ဟု ကေအိုင်စီ သို့ ပြောသည်။
လတ်တလော ကော့ကရိတ်၊ ကျုံဒိုး နှင့် တောင်ကြာအင်း ဒေသများတွင်လည်း စစ်တပ်၊ နယ်ခြားစောင့်(BGF) တပ် နှင့် KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) တပ်များက စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ငွေတောင်းခံမှု ပိုမိုလုပ်ဆောင်လာကာ ဒေသခံများ သွားလာရောင်းဝယ်ခွင့်မရအောင် စစ်ဆေး တင်းကြပ်မှုများ လုပ်ဆောင်နေသည့်အတွက် ဒေသတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လူမှုစီးပွား ဘဝများ ပိုပြီးခက်ခဲလာနေကြောင်းလည်း ဒေသခံများက ပြောသည်။