ဩဂုတ် ၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
သဘာဝပတ်ဝန်းကျင် အရင်းအမြစ်ထိန်းသိမ်းရန်နှင့် အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းများ ဟန့်တားရန် ရည်ရွယ်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်တွင် ဧကပေါင်း သုံးထောင်ကျော်ရှိသည့် တိရစ္ဆာန် ဘေးမဲ့ တောတစ်ခုကို ပြီးခဲ့သည့် ဇူလိုင်လ ၂၈ရက်နေ့တွင် အခမ်းအနားနှင့် ကျင်းပပြုလုပ်ပြီး သတ်မှတ်အတည်ပြုလိုက် သည်ဟု သိရသည်။
အဆိုပါ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အမည်ကို ‘ထီးသိုးခီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ’အဖြစ် သတ်မှတ်ပြီး ကေအဲန်ယူ ကျိုက်ထိုမြို့နယ်နှင့်ဘီးလင်းမြို့နယ်ကြားတွင်တည်ရှိကာ စုစုပေါင်း အကျယ်အဝန်းမှာ ၃,၃၆၀ ဧကရှိကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသစ်တောဌာနက ထုတ်ပြန်ထားသည်။
ကေအဲန်ယူသစ်တောဌာနအနေဖြင့် သဘာဝဇီဝမျိုးစိတ်ကွဲများထိန်းသိမ်းရေးအတွက် မူဝါဒရှိထားသောကြောင့် သထုံ(ဒူးသထူး) ခရိုင်ထဲတွင် ပြီးခဲ့သည့် ၂၀၁၇ ကတည်း ထီးသိုးခီး သစ်တောနယ်မြေတွင် သုတေသနစ တင်လုပ်ဆောင်ခဲ့ပြီး သစ်တောထဲတွင် သစ်တော၊ ဝါးတောများကောင်းမွန်ကာ တောရိုင်းတိရစ္တာန်များ ပြည့်စုံနေသေးသည်ကို တွေ့ရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်အရင်းအမြစ် ရှားပါးလာပြီး မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် မျိုးစိတ်များကို ကာကွယ်ရန်အတွက် ယခုလိုသတ်မှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ သစ်တောဌာနက ထုတ်ပြန်ထားသည်။
ထိုသတ်မှတ်လိုက်သည့် ဘေးမဲ့တောသည် ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲရှိ ဘေးမဲ့တောများထဲမှဧရိယာ အကျယ်အဝန်း အနည်းဆုံးဘေးမဲ့တောတစ်ခုဖြစ်ပြီး ကေအဲန်ယူ သထုံခရိုင်ထဲတွင် တစ်ခုထဲသော ဘေးမဲ့ တောဖြစ်ကြောင်းလည်း ကေအဲန်ယူသစ်တောဌာနတာဝန်ခံ ပဒိုမန်းဘထွန်းက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ ဘေးမဲ့တောက အကျယ်အဝန်းကျယ်လေ တိရစ္ဆာန်အတွက်ကောင်းလေပဲ။ ခရိုင်ထဲမှာဆိုရင် ဒီဘေးမဲ့ တောက အငယ်ဆုံးလို့ ပြောလို့ရတယ်။ ဒေသအခြေအနေကြောင့် သစ်တောနယ်မြေအတွက်က အိမ်တွေ ဆောက်လာ၊ ဥယျာဉ်ခြံတွေ၊ ရော်ဘာခြံတွေဖြစ်လာ အဲလိုတွေရှိတယ်။ အခုလည်း အဲလိုအခြေအနေ အကြောင်းကြောင့် အခုမှ သူတို့က သတ်မှတ်နိုင်တော့ အကျယ်အဝန်းက နည်းသွားတာပေါ့။ ဒီလိုဘေးမဲ့တော သတ်မှတ်လိုက်တာက ကော်သူးလေနယ်မြေအတွက် အကျိုးဖြစ်သွားတာပေါ့”ဟု ပြောသည်။

ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းရှိ အကျယ်အဝန်း အများဆုံးဘေးမဲ့တောမှာ ကေအဲန်ယူဘိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်ထဲတွင်ရှိပြီး ဧရိယာအကျယ်အဝန်းအားဖြင့် တစ်သိန်းသုံးသောင်းရှိကာ ဒုတိယအကြီးဆုံးဘေးမဲ့ တောသည် ဒူးပလာယာခရိုင် မက္ကသာ ဘေးမဲ့တောဖြစ်ပြီး ဧရိယာ အကျယ်အဝန်း တစ်သိန်းခန့်ရှိကြောင်းလည်း ကေအဲန်ယူ သစ်တောဌာန မှတ်တမ်းအရ သိရသည်။
ယခု သတ်မှတ်သည့် ထီးသိုးခီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့သစ်တောသည် ခရိုင်အဆင့် သတ်မှတ် အတည်ပြု ပြီပြီးဖြစ်၍ ဗဟိုသို့ တင်ရမည်ဖြစ်ကာ ဗဟိုအဆင့်သတ်မှတ်အတည်ပြုရန်ရှိသေးကြောင်းလည်း သစ်တော ဌာနတာဝန်ခံ ပဒိုမန်းဘထွန်းက ပြောသည်။
ဘေးမဲ့တောဖြစ်လာရန်အတွက် ကေအဲန်ယူ သထုံခရိုင်သစ်တောဌာန၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာလှုပ်ရှားမှုကွန်ရက်-KESAN၊ သထုံခရိုင်တာဝန်ရှိသူများ၊ ကျေးရွာခေါင်းဆောင်များနှင့် ဒေသခံများပူးပေါင်း ကွင်းဆင်းသုတေသနပြုလုပ်ခဲ့ကာ အဆိုပါ သစ်တောထဲတွင် ရှားပါးမျိုးစိတ်နှင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် မျိုးစိတ်များဖြစ်သည့် ပြောင်၊ ကျားသစ်၊ အင်းကျားသစ်နှင့်အခြားမျိုးစိတ်များနေထိုင်ကျက်စားကြပြီး တောရိုင်းတိရစ္တာန်မျိုးစိတ်ပေါင်း ၂၀ တွေ့ရှိကြောင်း ထီးသိုခီးတိရစ္ဆာန်ဘေးမဲ့တောနှင့်ပတ်သက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
၎င်းဘေးမဲ့တော ပတ်လည်တွင် ကျေးရွာပေါင်း ၁၀ ရွာရှိပြီး ဘေးမဲ့တော မသတ်မှတ်ခင်အချိန်တွင် ကျေးရွာ လူထုများ လူနေမှုစားဝတ်နေရေးအခြေအနေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး အခြေအနေနှင့် မြေယာ၊ သစ်တော အသုံးပြုမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ဒေသခံများ လုပ်ကိုင်စား သောက်ရန်နေရာများကိုလည်း အတည်ပြုပေးထားခြင်းရှိခဲ့သည်ဟု သိရသည်။
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး၏ ခရိုင် ၇ခုထဲတွင် ကေအဲန်ယူ သစ်တောဌာနမှ စီမံခန့်ခွဲသည့် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (၁၅)ခုနှင့် သစ်တောကြိုးဝိုင်း (၈၀) ခုရှိသည်ဟု သစ်တောဌာန၏ မှတ်တမ်းအရ သိရသည်။




















