Home သတင်း KNU တပ်မဟာ (၁)တွင် ဇူလိုင်လအတွင်း CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးရှိ

KNU တပ်မဟာ (၁)တွင် ဇူလိုင်လအတွင်း CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးရှိ

831
Photo: Crd.

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေတွင် ယခုဇူလိုင်လ တစ်လအတွင်း CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား ၃ ဦး ရှိကြောင်း သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ CDM ပြုလုပ်လာသူများမှာ စစ်ကောင်စီတပ်၏ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၈)၏ ရှေ့တန်း ဗျူဟာ ပိန္နဲတောစခန်းမှ တပ်သား ၃ ဦးဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး-KNLA တပ်ဖွဲ့ထံသို့ လက်နက် ၂ လက်နှင့်အတူ ဘက်ပြောင်းအလင်းဝင်လာခဲ့ခြင်းဖြစ်သည်ဟု ပဒိုစောအေးနိုင်က ယခုလို ပြောသည်။

“အခုဇူလိုင်လအတွင်းမှာ တပ်မဟာ ၁ ထဲမှာ အလင်းဝင်လာတာ စကစ ၃ ယောက်ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ရာထူး အဆင့်တွေကိုတော့ သေချာစိစစ်နေတုန်းပဲ။ သေနတ်ပါလာတာက ၂ ယောက်ရှိတယ်။ တစ်ယောက်ကတော့ သေချာစစ်ဆေးပြီး တိကျအောင်လုပ်နေတယ်။ ဝင်လာတဲ့သူတွေက စကခ (၈) က လူတွေပေါ့နော်”ဟု ကေအိုင်စီ သို့ ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဘက်မှ လက်နက်နှင့်အတူ CDM ပြုလုပ်လာမှုသည် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ် ၊ ကယားပြည်နယ် စသည့်နေရာများတွင်သာ အများဆုံးဝင်ရောက်လာ လျက်ရှိသည်။

ယခုလို စစ်ကောင်စီတပ်ဘက်မှ CDM ဝင်ရောက်လာခြင်းသည် တပ်အတွင်းအပြင်နှင့် အခြားသောနေရာများတွင် ဖိနှိပ်ချုပ်ချယ်မှုများနှင့် စိတ်ဓာတ်ပျက်ပြားမှုများကြောင့်ဖြစ်သည်ဟု ရေတပ်မှ CDM ပြုလုပ်လာသည့် တပ်သား ဇော်ရဲချစ်က သုံးသပ်ပြောဆိုသည်။

၎င်းက “တစ်ချို့တွေကျတော့ သေချာမှုရှိသလို တစ်ချို့တွေ ကျတော့လည်း စရဖ ပုံစံမျိုးအခြေအနေတွေကို ဝင်ပြီးလေ့လာပြီးတော့ ထောက်လှမ်းရေးလုပ်တဲ့လူတွေလည်း ရှိတယ်။ အခုမှ အလင်းဝင်တာက သူတို့ စိတ်ဓာတ် ပိုင်းကျဆင်းနေလို့ ကျနော်ထင်တယ်။ သူတို့မှာက ပြည်သူတွေကလည်း အမြင်မကြည်ဘူး။ အခုဆိုရင် တပ်တွင်း ဖိနှိပ်ချုပ်ချယ်မှုတွေ အပြင်ထွက်ခွင့်မရ မိသားစုနဲ့တွေ့ခွင့်ပိတ်ပင်တာမျိုးတွေလည်း လုပ်နေတော့ အစစ အရာရာစိတ်ဓာတ်ရော ပျက်ပြားပြီး အလင်းဝင်လာတာလို့ သုံးသပ်မိတယ်”ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီတပ်သားများသည် အထက်အမိန့်အရ တိုက်ပွဲဖြစ်ပွားနေသည့်နေရာဒေသများကို ရှေ့တန်းပို့ ဆောင်ခံရမှုများကြောင့် တပ်တွင်းထဲတွင်မနေတော့ဘဲ ထွက်ပြေးကြသူများလည်းရှိနေကြောင်း CDMပြုလုပ် ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်းရှိ နယ်မြေဒေသအသီးသီးနှင့် အခြားသောနေရာများတွင် စစ်ကောင်စီ တပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်အကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်မှ CDM ပြုလုပ်သူများနှင့်ဘက်ပြောင်းအလင်းဝင်လာသူများ၏ လူဦးရေ အရေအတွက်အတိအကျကိုမူ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် စာရင်းပြုစုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။