သြဂုတ် ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
နယ်မြေအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ၏ ဝန်ထမ်းများအနေဖြင့် တာဝန်မှ နုတ်ထွက်ပေးရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ က ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် အမိန့်စာ ထပ်မံထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ဌာနဆိုင်ရာရုံး၊ ရပ်ကွက်ရုံး၊ ကျေးရွာအုပ်ချုပ် ရေးရုံးမှ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းတာဝန်မှ နုတ်ထွက်ပေးရန် စာထုတ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်ထိ လိုက်နာသည့်သူများရှိခဲ့သလို တာဝန်မှရပ်နားမှုမရှိဘဲ စစ်ကောင်စီတပ်၏ လုပ်ငန်း လည်ပတ်စေရန် လုပ်ဆောင်ပေးနေသည့် ဝန်ထမ်းများလည်းရှိနေသေးသည့်အတွက်ကြောင့် ယခုလို အမိန့်စာကို ထပ်ဆင့်ထုတ်ပြန်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ ၅ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေရှိ ဌာနဆိုင်ရာရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိတွင် စစ်ကောင်စီတပ်၏ အလုပ်များမှနုတ်ထွက်၍ အခြားသောနေရာသို့ ပြောင်းရွှေ့လုပ်ကိုင်နေသူများလည်း ရှိခဲ့ကြောင်း အမည်မဖော်လိုသည့် တာဝန်မှ နုတ်ထွက်ခဲ့သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက“ဟိုတစ်ခါ ကေအဲန်ယူက စာထုတ်ကတည်းကနေ ထွက်သွားကြတဲ့သူတွေလည်းရှိတယ်။ ကျန်နေ တဲ့သူတွေလည်း အများကြီးပဲ။ အစ်ကိုကတော့ အလုပ်နားလိုက်ပြီး။ အဲ့ဘက်အခြေအနေတွေလည်း ဘာမှမသိရတော့ဘူး။ အခုတော့ နေရာတစ်ခုပြောင်းပြီး အေးဆေးအခြေချလုပ်ကိုင်နေပြီး”ဟု ပြော သည်။
ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ဆက်လက် ထမ်းဆောင်နေပြီး ယခု ထုတ်ပြန်လိုက်သည့် အမိန့်ထုတ်ပြန်ကြေညာချက်အပေါ် လိုက်နာခြင်းမရှိပါက ထိရောက်သည့် အရေး ယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟုလည်း KNU တပ်မဟာ ၅ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားများ ရပ်စဲလုနီးပါးဖြစ်နေပြီး ဖာပွန်−ကမမောင်းနယ်မြေဘက်တွင် လည်း အရပ်သားပြည်သူများ ဝင်ထွက်သွားလာမှု၊ ရိက္ခာပစ္စည်းသယ်ယူမှုများကို စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ်များက ကန့်သတ်ပိတ်ပင်မှုများလုပ်ဆောင်သည့်အတွက် ဒေသခံ ပြည်သူများမှာ ရိက္ခာပြတ်လပ်မှုများကြုံတွေ့လာရသည်ဟု ဒေသခံများထံမှ သိရသည်။