Home တွေ့ဆုံမေးမြန်းခန်း ၈၈၈၈ လူထုအရေးတော်ပုံ (၃၅)နှစ်မြောက်အထိမ်းအမှတ်နေ့အတွက် DPNS တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနှင့် မေးမြန်းချက်

၈၈၈၈ လူထုအရေးတော်ပုံ (၃၅)နှစ်မြောက်အထိမ်းအမှတ်နေ့အတွက် DPNS တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနှင့် မေးမြန်းချက်

798

၈၈၈၈ လူထုအရေးတော်ပုံ (၃၅)နှစ်မြောက်အထိမ်းအမှတ်နေ့အတွက် DPNS တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနှင့် မေးမြန်းချက်

“နိုင်ငံရေးသမား နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့သူတွေကို အဆက်မပြတ် ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာ ထောင်ချတာ ဒါတွေလုပ်ခဲ့တဲ့ကိစ္စတွေက ကျမတို့အာရုံထဲမှာ ဘယ်လိုမှ မေ့ဖျောက် လို့မရတဲ့ ဒီစစ်အာဏာရှင်စနစ်ရဲ့ ဆိုးဝါးတဲ့ သမိုင်းသင်ခန်းစာတွေပဲဖြစ်ပါတယ်။ ” ဒေါ်နှင်းနှင်းမွှေး

၈၈၈၈(ရှစ်လေးလုံး) လူထုအရေးတော်ပုံကြီးမှာ ပါဝင်ဖြတ်သန်းခဲ့ရတဲ့ အခြေအနေ၊ အတွေ့ အကြုံတွေနဲ့ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကို ၈၈၈၈ လူထုအရေးတော်ပုံကြီး (၃၅)နှစ်မြောက်အထိမ်းအမှတ်နေ့အတွက် ဆက်သွယ်မေးမြန်းထားခြင်းဖြစ်ပါတယ်။

၁။ ပထမဦးဆုံး ရှစ်လေးလုံးလူထုရေးတော်ပုံပေါ်ပေါက်လာတာ ဒီနှစ်နဲ့ဆိုရင် ၃၅နှစ်ရှိသွားပါပြီး၊ ၈၈ နဲ့ပတ်သက်တဲ့ အမှတ်ရစရာလေးတွေပြောပြပေးပါအုံး။
ဖြေ-၈၈လူထုဒီမိုကရေစီအရေးတော်ပုံကြီးက ၃၅ နှစ်ရှိသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့အာရုံထဲမှာ အမှတ်မရချင်စရာ အမှတ်တရတွေတောာ့ အများကြီးပဲရှိတယ်။ ဒီစစ်အာဏာရှင်ကနေပြီးတော့ အရွယ်မရောက်သေးတဲ့ လူမမယ်ကလေးသူငယ်ကစပြီး ပြည်သူတွေကိုရက်ရက်စက်စက် သူတို့ အာဏာတည်မြဲရေးအတွက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ကိစ္စတွေ နောက်တစ်ခါကျတော့ နိုင်ငံရေးသမား နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့သူတွေကို အဆက်မပြတ် ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာ ထောင်ချတာ ဒါတွေလုပ်ခဲ့တဲ့ကိစ္စတွေက ကျမတို့အာရုံထဲမှာ ဘယ်လိုမှ မေ့ဖျောက်လို့မရတဲ့ ဒီစစ်အာဏာရှင်စနစ်ရဲ့ ဆိုးဝါးတဲ့ သမိုင်းသင်ခန်းစာတွေပဲဖြစ်ပါတယ်။ ဒါတွေက အခုချိန်ထိလည်း ဆက်ဖြစ်နေတဲ့အခါကျတော့ ကျမကတို့ရဲ့ အသိဉာဏ်မှတ်ဉာဏ်ထဲမှာတော့ မေ့လို့မရတဲ့ကိစ္စတွေဖြစ်ပါတယ်ရှင့်။

မေး။ ။ ၈ လေးလုံးအရေးတော်ပုံတုန်းက ဆရာမတို့ ဘယ်လိုကြုံတွေ့ဖြတ်သန်းခဲ့ရသလဲ၊ ပါဝင်လှုပ်ရှားဖြစ်ခဲ့ပုံလေး ပြောပြပေးပါအုံး။
ဖြေ-၈လေးလုံး လူထုအရေးတော်ပုံတုန်းကဆိုရင် ကျမတို့က တတိယနှစ်ကျောင်းသူဖြစ်ပါတယ်။ ဖြစ်တဲ့ အခါကျတော့ ကျမက ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှာလည်း အဖွဲ့ဝင် အဖြစ်လည်း ဝင်ထားပါတယ်။ ဒါပေမယ့် တကယ်တမ်းလှုပ်ရှားဖြစ်တာကတော့ သာကေတမြို့နယ် ကျောင်းသားသ မဂ္ဂပေါ့နော်။ ဗဘသရဲ့ ကျောင်းသားသမဂ္ဂမှာ ဝင်ပြီးလှုပ်ရှားဖြစ်ပါတယ်။ ဝင်ပြီးလှုပ်ရှားပြီးတဲ့အခါ နေ့စဉ်နေ့တိုင်း ချီတဲ့ဆန္ဒပြတဲ့ကိစ္စတွေလုပ်ကြတယ်။ လိုလားချက်တွေကို ကျမတို့တောင်းဆိုခဲ့ကြတယ်။ လုပ်ခဲ့ပြီးတဲ့အခါကျတော့ စက်တင်ဘာ ၁၈ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးတဲ့အချိန်မှာ ကျမတို့မြို့နယ် သမဂ္ဂရုံးခန်းကိုစစ်တပ်ကဝင်ပြီး ကျမတို့ကို ဒူးထောက်ခိုင်းတယ်။ ကျမတို့ အမြတ်တနိုးထားတဲ့သမဂ္ဂရဲ့ အလံကို ကျမတို့အရှေ့မှာ စစ်ဖိနပ်တွေနဲ့ နင်းပြီးတဲ့အခါကျတော့ ကျမတို့ကို ခြိမ်းခြောက်တယ်။ ဆိုတော့ ဒီလိုမျိုးကိစ္စတွေက ကျမတို့ရင်ထဲမှာ ခုနက ပြောခဲ့သလိုပဲ မေ့ဖျောက်လို့မရ တဲ့ကိစ္စဖြစ် ပါတယ်။ ကျမတို့က လိုချင်တဲ့ဆန္ဒကို ငြိမ်းငြိမ်းချမ်းချမ်းထုတ်ဖော်ခဲ့ကြတယ်။ ဒါကိုစစ်တပ် ကနေပြီးတော့ ကျမတို့ကိုခြိမ်းခြောက်တယ်။ ပစ်မယ်ခတ်မယ်လုပ်တယ်။ ကျမတို့ တန်ဖိုးထားတဲ့ပစ္စည်းပါ နင်းချေခဲ့တဲ့အတွက်ကြောင့် ဒါကိုကျမတို့ဆက်လုပ်ရအုံးမယ်။ ဒီတိုက်ပွဲက မပြီးသေးဘူး၊ အသိကိန်းအောင်းခဲ့တဲ့အမှတ်တရတွေ စုပေါင်းလှုပ်ရှားခဲ့ဖူးတာတွေရရှိခဲ့ပါတယ်။

၈၈ လူထုအရေးတော်ပုံမဖြစ်ခင်ကာလမှာဖြစ်အတွက် အခြေအနေအခင်းအကျင်းအများကြီး ရှိပါတယ်။ တစ်တိုင်းပြည်လုံးမှာ ငွေစက္ကူအရေးအခင်းကစလို့ မငြိမ်မသက်မှုတွေ ဖြစ်တယ်။ အဲဒီအချိန် တုန်းက နိုင်ငံ့အာဏာကိုရယူထားတဲ့ မြန်မာ့ဆိုရှယ်လစ်ပါတီကလည်းစစ်တပ်နေ အသွင်ပြောင်းပြီးတော့ တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့အချိန် ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ကြားထဲမှာ တကယ်ကို ဆင်းရဲနွမ်းပါးမှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ ကုန်ပစ္စည်းရှားပါးပြတ်လပ်မှုတွေ၊ ကုန်စျေးနှုန်းကြီးမှုတွေ ဒါကို ကြုံရတဲ့အချိန်လည်းဖြစ်တယ်။ အလုပ်သမားတွေဆိုရင်လည်း သူတို့ရဲ့အခွင့်အရေးကို ဖော်ထုတ် နိုင်ဖို့ မကြာဏ သပိတ်တိုက်ပွဲတွေဆင်နွှဲတဲ့အချိန်မှာ စစ်အုပ်စုကနေအသွင်ပြောင်းထားတဲ့ မဆလ အာဏာရှင်ကနေပြီးတော့ ရက်ရက်စက်စက် ရာနဲ့ချီသေအောင်ပစ်ခတ်နှိမ်နှင်းတဲ့ကိစ္စတွေရှိခဲ့တယ်။ အဲဒီလိုပဲ အစပိုင်းမှာဆိုလို့ရှိရင်လည်း ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဗုံးခွဲ၊ မိုင်းခွဲဖျက်ဆီးဖြိုချ ။ အဲဒီမှာ ကျောင်းသားရာကျော် သေကြေကြရ။ ဒါတွေက ကျမတို့ သမိုင်းရဲ့ နောက်ခံတွေဖြစ်ပါတယ်။

ဒီတောက်လျှောက်မှာလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးသမားတွေ ကျောင်းသား ခေါင်းဆောင်ကနေပြီးတော့ စစ်အာဏာရှင်တွေကို အမြဲမပြတ်ဆန့်ကျင်တော်လှန်ခဲ့ကြမှာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်က ကျမတို့တိုင်းပြည်ရဲ့ ရန်ဆူးရန်ငြောင့်ဖြစ်တယ်။ ခလုတ်ကသင်းဖြစ်တယ်။ တိုင်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သွားဖို့ ငြိမ်းချမ်းဖို့အတွက် သွားဖို့ဆိုလို့ရှိရင် စစ်အာဏာရှင်မရှိမှ ဖြစ်မယ်။ စစ်အာဏာရှင်စနစ်ကို ဖြိုခွဲမှရမယ်ဆိုတဲ့အသိက အဲဒီတုန်းကတည်းက ခေါင်းဆောင်တွေမှာ ရှိခဲ့တယ်။ ဒီတိုက်ပွဲတွေရဲ့အဆက်က ၈၈ မှာပြန်ပေါ်လာတယ်။ ပေါ်လာပြီးလှုပ်ရှားမှုတွေ တဖြည်းဖြည်း အားကောင်းလာနေတဲ့အခါကျတော့ ပြည်သူလူထုတစ်ရပ်လုံး အုံကြွပါဝင်တဲ့အခါကျတော့ ၈၈ လူထုအရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့တယ်။ ကျမတို့က အခြေခံလူတန်းစား တွေဖြစ်တယ်။ နောက်တစ်ခါ နိုင်ငံရေးအသိုင်းဝိုင်းက ဖြစ်တာပေါ့နော်ဆိုတော့ ပြည်သူကြားထဲမှာဖြစ်နေတဲ့ အဖြစ်ပျက်တွေရယ်၊ နောက်တစ်ခါကျတော့ ကျမတို့ နိုင်ငံရေးသမားတွေရဲ့ ဆွေးနွေးပြောဆိုမှုတွေမှာ ဒီလောက်ကြီးမားတဲ့လူထုအုံကြွမှုကြီးဖြစ်တဲ့အချိန်မှာ ကျမတို့သမိုင်းပေးတာဝန်အရပဲဖြစ်ဖြစ် ၊ ကျမတို့ ရဲ့ သိမှုအရပဲဖြစ်ဖြစ် ပါဝင်ဖို့ လိုကိုလိုအပ်တယ်ဆိုတဲ့အနေအထားနဲ့ ဒီ ၈၈အရေးတော်ပုံကြီးမှာ ပါဝင်ကြတာဖြစ်ပါတယ်။

၃။ ၈၈ အရေးတော်ပုံမှာ အာဏာရှင်စနစ် တိုက်ဖျက်ဖို့ ဆန့်ကျင်ရာကနေ ၈ လေးလုံးအရေးတော်ပုံဖြစ် လာတယ်ပေါ့နော်။ ဆိုတော့ ၈ လေးလုံးအရေးတော်ပုံနဲ့ အခုနွေဦးတော်လှန်ရေးနဲ့က ဘယ်လို ကွာခြားမှုတွေရှိသလဲ၊ လူထုပါဝင်မှုတွေကကော ဘယ်လိုကွာခြားမှုတွေရှိလဲ။
ဖြေ-ကျမရဲ့ ဖြတ်သန်းမှုအရဆိုရင် ဒီ ၈၈အရေးတော်ပုံမှာဆိုလို့ရှိရင် လူထုလူတန်းစားအလွှာ မရွေးပါဝင်ကြတယ်။ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပါဝင်ခဲ့ကြတာက မျက်မြင် ကိုယ်တွေ့ဖြစ်ပါတယ်။ ရဲတွေပါတယ်၊ စစ်သားတွေပါတယ်၊ ရေတပ်က တပ်မတော်သားတွေက ပါတယ်။ အများကြီး လူနည်းစုတွေကော၊ လူမျိုးစုတွေကော၊ တိုင်းရင်းသားတွေ ကောအကုန်ပါကြတဲ့ အရေးတော်ပုံကြီးဖြစ်ပါတယ်။ ဒါက အားကောင်းတဲ့အရေးတော်ပုံကြီးဖြစ်ပါတယ်။

အခု ၂၀၂၁ နွေဦးတော်လှန်ရေးကလည်း အလားတူပဲ လူထုတန်းစားမရွေး အရွယ်ပေါင်း စုံပါဝင်ကြတဲ့ အရေးတော်ပုံကြီးဖြစ်ပါတယ်။ ဒါပေမယ့် ၈၈မှာ ပါဝင်တာထက်ကို ၂၀၂၁ နွေဦးတော်လှန်ရေးမှာပါဝင်ဖို့က ပိုပြီးအားကောင်းတယ်လို့ ကျမက အဲလိုယူဆတယ်။ ယုံလည်း ယုံကြည်တယ်။ ကျမတို့နိုင်ငံရေး သမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဖက်ဆစ်ဂျပန်တော် လှန်ရေးမှာဆိုလို့ရှိရင် မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတိုင်း ပြည်သူတိုင်းက ကျရာနေရာကနေပါဝင်ပြီးတော့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ပါဝင်ခဲ့ကြတယ်။ အဲဒီလိုပဲ ဒီ ၂၀၂၁ နွေဦးတော်လှန်ရေးမှာဆိုရင်လည်း ကျမတို့ရဲ့လက်တွေ့ မှာဆိုလို့ရှိရင်လည်း ဒေသအသီးသီးမှာရှိတဲ့ ပြည်သူတွေက ကိုယ့်ရဲ့ကျရာနေရာ ရောက်ရာအခန်းကဏ္ဍကနေ ကိုယ့်ရဲ့တာဝန်ကို ထမ်းဆောင်နေကြတယ်လို့ ကျမက မြင်ပါတယ်။

စစ်ပွဲဒေသကျရောက်နေတဲ့ စစ်တလင်းမှာရှိနေတဲ့အဖိုးအို၊ အဖွားအိုတွေကအစ ပြောလိုက်တဲ့ စကားတွေကအစ ကျမတို့ကြားရတာက မင်းတို့က တိုက်ချင်ရာတိုက်ငါတို့ကပြေးမယ်ဆိုတဲ့ တကယ့်ကို ကြက်သီးမွှေးညှင်းထလောက်တဲ့စကားတွေက တကယ့်ကိုအေးအေးချမ်းချမ်းနေရတဲ့ ဘဝမဟုတ်ဘူး။ တကယ့်ကို စစ်တလင်းထဲကိုရောက်နေတဲ့ အနေထားမျိုးက တူတွေသားတွေ နှမတွေ အသတ်ခံနေရတဲ့ အနေထားမျိုးတွေမှာ ဒီလိုမျိုးစကားတွေထွက်လာတယ်ဆိုတာက တော်ရုံတန်ရုံ အရေးတော်ပုံကို အောင်မြင်ချင်တဲ့စိတ်နဲ့ပြောထားတာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ၈၈ မှာလည်း ပြည်သူတွေပါဝင်မှုက အားကောင်းမောင်းသန် ဖြစ်ခဲ့တယ်။ အခု ၂၀၂၁ အရေးတော်ပုံမှာလည်း မြန်မာနိုင်ငံမှာ ဒုတိယမြောက် အင်အားအကြီးမားဆုံး လူထုလူတန်းစားအလွှာပေါင်းစုံပါဝင်တဲ့ တော်လှန်ရေးကြီးဖြစ်တယ်လို့ ပြောချင်ပါတယ်ရှင့်။

မေး- ၈၈ အရေးတော်ပုံတုန်းကဆိုရင် ကျောင်းသားတွေ၊ ရဟန်းရှင်လူတွေ အများကြီးသေဆုံးခဲ့ရတယ်။ အရေးခင်းမှာပါဝင်တဲ့လူတွေဆိုရင် နှစ်ရှည်လများ ထောင်ကျခဲ့ရတယ်။ အခုဆိုရင်နှစ်ပေါင်း ၃၀ကျော် သွားပြီး တစ်ဖန်နွေဦးတော်လှန်ရေးမှာ ၈၈ လိုမျိုးဖြစ်လာပြန်တယ်ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ- ၈၈ရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင် ကျမကိုယ်တိုင်ကလည်းနိုင်ငံရေးလှုပ်ရှားသူဖြစ်ခဲ့တယ် ထောင်လည်း ၂ ခါကျခဲ့တယ်။ ထောင်ထဲမှာလည်း ဒီစစ်အုပ်စုရဲ့ မတရားမှုတွေ ညှင်းပန်းနှိပ်စက်မှုတွေ ကျမတို့တွေ့ခဲ့ရတယ်။ ကျမတို့ပြောရမယ်ဆိုလို့ရှိရင်တော့အခုက အဆိုးဆုံးဖြစ်တယ်လို့ ပြောချင်ပါ တယ်။ ဘယ်လိုကျင့်ဝတ်မျိုးမှမရှိဘဲနဲ့ အရင်တုန်းက အကျဉ်းထောင်ရဲ့ လက်စွဲဥပဒေတွေကို လိုက်နာချင်ယောင် ဆောင်သေးတယ်။ အခုကအဲလိုမျိုးဘယ်သူမှ လိုက်မနာတော့ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ ဆိုလို့ရှိရင် တကယ်ကို သူတို့မှာ လုပ်ခွင့်ကိုင်ခွင့်ရထားတယ်ဆိုတဲ့ သတင်းစကားတွေတောင် ကြားနေရတယ်။ တစ်ခါတစ်လေလည်း အပြင်ကိုထုတ်ပြီးရိုက်တာ သတ်တာဖြတ်တာ။ ဟိုတလောကဆိုလို့ရှိရင် ကျိုက်ဇကောအကျဉ်းထောင်ကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ပြီးထွက်ပြေးတယ်ဆိုတဲ့ကိစ္စက ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါပေမယ့် သူတို့က ပစ်သတ်လိုက်ပြီးတဲ့ဆိုတဲ့အခါကျတော့ မိသားစုဝင်ဆီကို ပစ်ခတ်လို့သေဆုံးသွားပြီးဆိုပြီး အကြောင်းကြားစာပဲရောက်လာတယ်။ နောက်တစ်ခါကျတော့ စစ်ကြောရေးတွေမှာ လူမဆန်တဲ့ လူသတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ အချို့စခန်းတွေမှာဆိုလို့ရှိရင် မုဒိမ်းမှုတွေတောင်ဖြစ်နေ တယ်ဆိုတာ ကျမတို့ ကြားသိရတာရှိတယ်။ အမျိုးသမီးတွေမကဘဲနဲ့ အမျိုးသားတွေကိုပါလိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ မုဒိမ်းကျင့်မှုတွေတောင်ရှိနေတယ်။ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်မှုတွေရှိနေတုန်းပဲ ကြားရတဲ့အခါကျတော့ ဒါကတော်တော်ကိုဆိုးဝါးတဲ့အခြေအနေဖြစ်ပါတယ်။ ဒါကထောင် ထဲမှာရှိတဲ့ရဲဘော်တွေရဲ့အခြေအနေပေါ့နော်။

အဲဒီလိုမကဘဲနဲ့ ထောင်အပြင်မှာရှိနေတဲ့ လူထုတွေရဲ့ဘဝကလည်း နေ့စဉ်ဆိုသလို ကျမမြင် ရတာက ဘယ်သူမှပျော်တယ်လို့ မရှိဘူးထင်ပါတယ်။ လူ့သဘာဝအရ နေ့စဉ်ဖြတ်သန်းမှုတွေ ရှိကောင်း ရှိနိုင်တယ်။ ဒါပေမယ့်အတွင်းထဲမှာတော့ ဘယ်သူမှပျော်နေမယ်လို့ ကျမကတော့ မယူဆဘူး။ ဒီစစ်အုပ်စုကနေပြီးတော့ ပြည်သူတွေကိုအမြဲတမ်း စိုးရိမ်ထိတ်လန့်နေအောင် ကြောက်ရွံ့နေအောင် အမြဲတမ်းလုပ်တယ်။ Facebook သုံးတာကအစ၊ ပန်းပန်တာကအစ၊ လက်ထဲမှာပန်းလေးကိုင်မိတာကအစ၊ အနက်ရောင်ပရိုဖိုင်းပြောင်းတာကအစ ဖမ်းဆီးပြီးအရေးယူတယ်ဆိုကတည်းက စစ်အုပ်စုရဲ့ မတရားမှု၊ အကြမ်းဖက်မှုတွေ ကတော်တော်ကိုဆိုးနေပြီးဖြစ်ပါတယ်။ ဒါပေမယ့်တကယ်ကို ချီးကျူးဖို့ကောင်းတဲ့ ပြည်သူတွေကို ရင်ထဲအသည်းထဲကနေ တကယ်ကို ဂုဏ်ပြုဖို့ ကောင်းတဲ့အချက်ကတော့ ပြည်သူတွေဟာ ခေတ်အဆက်ဆက်မှာတာဝန်ကျေခဲ့ကြတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ပြည်သူတွေက တာဝန်ကျေတာထက်ကိုပိုတယ်လို့ ကျမပြောချင်ပါတယ်။

အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။ စစ်အုပ်စုက သူ့ရဲ့အာဏာတည်မြဲရေးအတွက်ကို ရက်စက်မှုတွေ ကြမ်းကြုတ်မှုတွေကိုပိုပြီးတော့ လုပ်လာတဲ့အချိန်ဖြစ်တယ်။ ၆၂ ကထက်၊ ၈၈က ထက်ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်လာပါတယ်။ အခု ၂၀၂၃မှာပိုပြီးတော့ ရက်စက်ကြမ်းကြုတ် လာပါတယ်။ အဲလိုဆိုတဲ့အခါကျတော့ ဒီလိုအရေးတော်ပုံတွေ ပေါ်ပေါက်လာတဲ့ ကျမရဲ့ခံစားချက် ကျမရဲ့တွေ့မြင်မှုကတော့ ဘာလဲဆိုလို့ရှိရင် ဒီထက်ပိုပြီးတော့မဖြစ်ဖို့အတွက် ကျမတို့နိုင်ငံထဲမှာ မပါမှ ဖြစ်မယ်။ ဒီစစ်တပ်ကမရှိတော့မှဖြစ်မယ် ကျမတို့လိုချင်တဲ့ စစ်တပ်ကတကယ်ကို တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ဖက်ဒရယ်တပ်မတော်ကြီးပဲ ဖြစ်တယ်။ နိုင်ငံရေးရဲ့အောက်မှာရှိနေတဲ့ တိုင်းပြည်ကို ပြည်ပရန်ကနေ ကာကွယ်တဲ့ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကြီးပဲဖြစ်ဖို့ လိုတယ်ဆိုတဲ့အသိတွေ ကျမဆီမှာရောက်ရောက်လာတယ် ဆိုတာပြောချင်ပါတယ်ရှင့်။

၅။ နောက်တစ်ခုကတော့ ၈ လေးလုံး အထိမ်းအမှတ်နဲ့ပတ်သက်ပြီး ခေတ်အဆက်ဆက် စစ်အာဏာ ရှင်က အောက်မေ့ဖွယ်အခမ်းအနား လွတ်လွတ်လပ်လပ်လုပ်တာတွေ ခွင့်မပြုခဲ့ဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း လူငယ်တွေဦးဆောင်ပြီး ရန်ကုန်မှာ ၈ လေးလုံးနေ့ကို ထီးသပိတ်တွေနဲ့ ဆန္ဒထုတ် ဖော်တာရှိတယ်။ အဲဒါကို စစ်အာဏာရှင်က ဒါကိုလိုက်လံဖမ်းဆီးမှုတွေလုပ်တယ်။ စစ်အာဏာရှင်က ဒီလိုအထိမ်းအမှတ်နေ့ကို ဘာကြောင့် လုပ်ခွင့်မပေးတာလဲ။
ဖြေ- ဒီစစ်အုပ်စုကတော့ ဒီ ၈၈ အထိမ်းအမှတ် အခမ်းအနားတင်မကပါဘူး။ စစ်အုပ်စုကို ဆန့်ကျင်တဲ့ သဘောသက်ရောက်တဲ့ အခမ်းအနားတွေမှန်သမျှကို ဆန့်ကျင်ပိတ်ပင်တာ ဖမ်းဆီး အရေး ယူ နှိပ်စက်သတ်ဖြတ်တာတွေလုပ်နေတယ်လို့ပဲ ကျမက မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတဲ့ အခါကျ တော့ ပြီးခဲ့တဲ့ ၂၀၂၀ ဝန်းကျင်လောက်ကဆိုလို့ရှိရင် ရန်ကုန်မှာ ကရင်အာဇာနည်နေ့ အခမ်းအနား လုပ်ခဲ့တယ်။ အဲဒီအခမ်းအနားမှာ ကျမတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီအခမ်း အနားကိုလည်း အာဏာပိုင်တွေက တားဆီးတာ ပိတ်ပင်တာတွေ လုပ်နေတဲ့အခါကျတော့ အခမ်းအနား ဦးဆောင်ကျင်းပဖို့ ကြိုးပမ်းတဲ့သူတွေကိုလည်း ဖမ်းဆီးတာ၊ အရေးယူတာ ထောင်ချတာတွေ လုပ်ခဲ့တာတွေ ရှိတယ်ဆိုတဲ့အခါကျတော့ စစ်အုပ်စုက သူတို့ရဲ့အာဏာကို ထိပါးတဲ့အခါမျိုး သူတို့စစ်အုပ်ရဲ့ အာဏာကို တစ်စုံတစ်ရာ ကန့်ကွက်တယ်၊ တားမြစ်ပိတ်ပင်နေအုံးမှာပဲဖြစ်ပါတယ်။ ဒါက စစ်အုပ်စုရဲ့ သရုပ်လက္ခဏာပဲဖြစ်ပါတယ်။ ကျမအမြင်ကတော့ ဒါက အထိမ်းအမှတ်နေ့တွေမကဘူး ဘယ်လိုကိစ္စမျိုးကိုမဆို သူတို့က ကန့်ကွက်မှာ တားဆီးမှာ ပိတ်ပင်မှာဖြစ်တယ်လို့ ကျမကတော့ အဲလိုပဲမြင်ပါတယ်။

မေး- နောက်ဆုံးအနေနဲ့ ၈လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မျိုးဆက်သစ် လူငယ်မောင်မယ်တွေကို ဘာများအမှာစကားပြောကြားချင်ပါသလဲ။
ဖြေ-နောက်ဆုံးအနေနဲ့ အခုကျမလက်တွေ့အရဆိုလို့ရှိရင် ဒီမျိုးဆက်သစ်တွေ လူငယ်တွေကို အမှာစကားပြောရမယ့် အနေအထားလောက်တော့မဟုတ်ဘူးလို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနွေဦးတော်လှန်ရေးမှာ လက်တွေ့ဒီတိုက်ပွဲဝင်နေတာ လူငယ်တွေပဲဖြစ်တယ်လို့ ကျမမြင်ပါတယ်။ တကယ်ကို ထဲထဲဝင်ဝင် ဆင်နွှဲနေကြတဲ့ လူငယ်တွေပဲဖြစ်တယ်လို့ ကျမကပြောချင်တယ်။ ဒါကြောင့် မို့လို့ အထူးတလည်အမှာစကားတော့ ပြောစရာမရှိပါဘူး။ သို့သော်လည်း လက်တွေ့လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့အတွေ့အကြုံကနေပြီးတော့ ပိုပြီးတော့ ရင့်ကျက်တဲ့ ပိုပြီးတော့ နိုင်ငံကို ဦးဆောင်မှုပြု နိုင်တဲ့လူတွေဖြစ်လာမယ်လို့ ကျမက ယုံကြည်မျှော်လင့်ပါတယ်။

အဲဒီပုဂ္ဂိုလ်တွေရဲ့လက်ထဲမှာပဲ ကျမတို့ရဲ့အသက်အရွယ် အတန်အသင့်ရလာပြီးဖြစ်တယ်။ ဒီလူငယ်ရဲ့လက်ထဲမှာဆိုရင်တော့ ကျမတို့ရဲ့နွေဦးတော်လှန်ရေးရဲ့ အောင်မြင်ပြီးသွားရင်တော့ ကျမတို့ ငယ်ဘဝမှာ မဖြတ်သန်းခဲ့ရတဲ့ တွေ့ကြုံမှုမျိုးတွေကို ဖြတ်သန်းရလိမ့်မယ်လို့ ကျမကတော့ အဲလိုယုံကြည်ပြီးမျှော်လင့်ပါတယ်။ ကျမတို့ ငယ်ဘဝမှာဆိုလို့ရှိရင် အဲဒီလို တောက်လျှောက် အမှောင် ခေတ်ကို ဖြတ်သန်းခဲ့ရတဲ့ ရပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေကို ဆုံးရှုံးခဲ့ရတဲ့အခြေအနေဖြစ်ပါတယ်။ အဲဒါ တွေကို လူငယ်မကြုံရအောင်ထပ်ပြီးတော့ အမှာစကားပြောချင်တာတောာ့မရှိပါဘူး။ အနာဂတ်က လင်းလက်တောက်ပနေလိမ့်မယ်၊ အဲလိုမျိုးပဲ ဖြစ်လာမယ်လို့ ကျမမြင်ပါတယ်။