Home သတင်း သံလွင်တံတား ကားဗုံးပေါက်ကွဲမှု စစ်တပ်လက်အောက်ခံ ဝန်ထမ်းများနှင့် အရပ်သား ထိခိုက်သေဆုံးမှု ၁၄ ဦးခန့်ရှိနေ

သံလွင်တံတား ကားဗုံးပေါက်ကွဲမှု စစ်တပ်လက်အောက်ခံ ဝန်ထမ်းများနှင့် အရပ်သား ထိခိုက်သေဆုံးမှု ၁၄ ဦးခန့်ရှိနေ

943

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့အထွက် တရုတ်လှကျေးရွာဘက်အခြမ်းတွင် ယနေ့ဇူလိုင်လ ၃၁ ရက်နံနက် ၆နာရီ ၄၀ မိနစ်ခန့်အချိန်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွင်း ဒေသခံအရပ်သား ၁ ဦးသေဆုံးပြီး စစ်တပ်ဝန်ထမ်းအပါအဝင် ၁၄ဦးခန့် ထိခိုက်ဒဏ်ရာရကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် သတင်း အရင်းအမြစ်များပြောဆိုချက်အရ ကနဦး သိရှိရသည်။

ဖြစ်စဉ်မှာရပ်နားထားသော တိုယိုတာဖီလာအမျိုးအစားကား တစ်စီးအား စစ်ကောင်စီယာဥ်ထိန်းရဲမှ စစ်ဆေးစဥ် ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ဆေးရေးအဆောက်အအုံများ ပွင့်ထွက်ပေါက်ကွဲခြင်းကြောင့် ယခုလို ထိခိုက်မှုများပြားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ တရုတ်လှရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “မနက်က ၆ နာရီ ၄၀ လောက်မှ ကားဗုံးပေါက်တာ ဖြတ်မောင်းလာတဲ့ သုံးဘီးသမား တစ်ဦး အရပ်သားပေါ့သေတယ်။ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရတယ်။ ရဲတွေစစ်သား တွေ၊ ယာဥ်ထိန်းရဲတွေ ၁၀ ယောက်လောက် ထိခိုက်တယ်လို့ပဲ ပြောနေတယ်။ ပျက်စီးပွင့်ထွက်သွားတဲ့ ပုံတွေအရဆိုရင် စစ်တပ်အုပ်စုတွေ သေတာတွေရှိနိုင်တယ်။ မာဃနာကူကားတွေနဲ့ တင်ပြီး တောင် ကလေး စစ်ဆေးရုံကိုပို့သယ်နေတယ်။ ”ဟု ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်အား စစ်ကောင်စီဘက်က လက်အောက်ခံဝန်ထမ်းများ သေဆုံးမှုမရှိကြောင်း သတင်းဖော်ပြမှုများရှိနေပြီး အရပ်သားထိခိုက်သေဆုံးမှုကိုသာ အသားပေးပြောဆိုရေးသားမှုရှိနေ ကြောင်း သိရသည်။

လတ်တလောတွင် သံလွင်တံတား ယာယီပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ထောင်ဝိကျေး ရွာ ဘက်၊ မြိုင်ကလေး၊ ဖားကပ် ကျေးရွာဘက်၊ အိန္ဒုတိုးဂိတ်နှင့် ဇာသပြင်တံတား၊ တောင်ကလေး ထီလုံ ကျေးရွာဘက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်အင်အား အလုံးအရင်းဖြင့် လမ်းပိတ်ဆို့ ရှာဖွေ စစ်ဆေးနေသည့်အတွက် ကားလမ်းမများယာဥ်ကြောပိတ်ဆို့မှုဖြစ်ပွားနေသည်ဟု သိရသည်။ ထို့အပြင် တောင်ကလေးစစ်ဆေးရုံကိုလည်း လုံခြုံရေးတိုးမြှင့်ထားကြောင်း ဖားအံမြို့ခံသတင်းအရင်း အမြစ်များပြောစကားအရ သိရသည်။

“အခု တံတားက စစ်ကောင်စီဂိတ်တွေ ပွင့်ထွက်ကုန်တာတောင် သူတို့ စစ်တပ်ဘက်မှာ ထိခိုက်သူ ၇ဦး လို့ ဖော်ပြနေတယ်။ ကားလမ်းလည်း ချိုင့်ထွက်သွားတယ်။ ဗုံးပေါက်တဲ့ကားလည်း သံတိုသံစပဲကျန် တယ်။ အကုန်ပွင့်ထွက် ပျက်စီးကုန်တယ်။ စစ်တပ်ကား၊ ရဲကားနဲ့ ဆိုင်ကယ်တွေ အကုန်ပျက်စီးတယ်၊

တောင်ကလေးဆေးရုံကို အပြင်လူပေးမဝင်ဘူး။ စစ်တပ်က ထောင်ဝိရပ်ကွက် လမ်းမမှာ စစ်ကား အ ပြည့်ပဲ စစ်သားတွေရှိနေတယ်။ ဖားအံကို ဝင်လမ်းထွက်လမ်း ၄ နေရာစလုံး ပိတ်ဆို့ပြီး စစ်ဆေးနေပြီ ” ဟု ဖားအံ မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြသည့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များမှ တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ် ၂ မှ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ရန်ကုန်ဖားအံလမ်းပိုင်းနှင့် မွန်-ကရင်-တနင်္သာရီလမ်း၊ ပဲခူး-ရန်ကုန် လမ်းပိုင်းများအား ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာမှုမပြုလုပ်ကြရန် ပြောဆိုထားသည်ဟု သိရသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ဖာပွန်၊ သံတောင် ဒေသများတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲများနေ့စဥ်ဖြစ်ပွားနေဆဲ အခြေအ နေရှိနေကြောင်း KNLA ပူးပေါင်းတပ် သတင်းအရင်းအမြစ်များပြောစကားအရ သိရသည်။