Home သတင်း လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကြောင်း KNU ထုတ်ပြန်

လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကြောင်း KNU ထုတ်ပြန်

810
Photo: KNU

ဇူလိုင်လ ၂၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၆)နယ်မြေ၊ မွန်ပြည်နယ် ဝင်းရေးမြို့နယ်၊ ရေးဒေသတွင် ဇူလိုင်လ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များအကြား လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ဗိုလ်ကြီး နှစ် ဦးအပါအဝင် ၁၁ ဦးဒဏ် ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၂၇ နှင့် စစ်ကောင်စီဘက်မှ ဗိုလ်မှူးအောင်မြင့်သိန်း၊ ဗိုလ်မှူးနိုင်ဝင်း ဦးဆောင်သည့် အင်အား ၁၀၀ ကျော်ပါ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၈) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ−၄၀၇) ၊ တပ်မ(၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ−၁၀၄) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်သည်ဟု ကေအဲန်ယူဗဟို၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို ကြေးနန်းကတဆင့် သတင်းရရှိခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူး ပေါင်းတပ်ဘက်မှလည်း ၁ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNLA တပ်ရင်း ၂၇ ၏ ကေအဲန်ယူဘက်က ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည့် အဆိုပါ KNLA တပ်ရင်း ၂၇နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ရေး၊ သံဖြူဇရပ်၊ လမိုင်း စသည့်နယ်မြေများတွင် အဓိကလှုပ်ရှားနေပြီး ရေး-ထားဝယ် လမ်းပိုင်းကိုလည်း စစ်ဆေး မှုများပြုလုပ်နေလျက်ရှိသည်။

၎င်းနှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများနှင့်ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန် ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း တွေ့ရှိရသည်။

အလားတူ ပြီးခဲ့သည့် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင်လည်း မြဝတီမြို့အနီး လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ၊ ကော်ဘရာစစ်ကြောင်း ၁ ၊ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသေးသည်။