ဇူလိုင်လ(၂၀)ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် မြဝတီမြို့ တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများကို ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ နိုင်ငံသားစိစစ်ရေးကပ်ပြား မှတ်ပုံတင်အစား နိုင်ငံသားစီစစ်ရေးစမတ်ကဒ်(Smart Card)များ ကို ပြုလုပ်ပေးနေကြောင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့်နီးစပ်သူများထံမှသိရသည်။
အဆိုပါ နိုင်ငံသားစီစစ်ရေး စမတ်ကဒ်များကို ကနဦးအနေဖြင့် စစ်ကောင်စီ၏ ဝန်ထမ်းမျာကို ပြုလုပ် ပေးပြီး နောက် ရပ်ကွက်လူကြီးများမှတဆင့် ဒေသခံများကိုပါ လိုက်လံ အသိပေးထားကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းနှင့် နီးစပ်သည့် မြဝတီမြိုကခံတစ်ဦးက ယခုလို ပြောသည်။
“စမတ်ကဒ် ထုတ်ပေးပြီးပြီး ဆိုရင် မှတ်ပုံတင်တွေကို သူတို့သိမ်းမယ်။ အခုဆိုလို့ရှိရင် ဆယ်အိမ်မှူး ရာအိမ် မှူးတွေက လိုက်ပြောနေပြီး။ ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကတည်းက မြဝတီမှာ စရိုက်နေပြီး။ အမှတ် ၁ ဘက်တွေ အမှတ် ၃ ဘက်ခြမ်းတွေမှာရိုက်နေပြီး။ ကျမတို့ ဘက်က မနေ့ကမှ လာပြောတယ် စမတ်ကဒ် တွေရိုက်ရ မယ်ဆိုတာ။ ကျမထင်တာက မှတ်ပုံတင်ခိုင်းထားတဲ့ လူနဲ့ စမတ်ကဒ် လုပ်ထားသူနဲ့ ဘယ်ဟာက ဘယ် သူလဲ ဆိုတာကို ခွဲခြားသတ်မှတ်ဖို့နဲ့တူတယ် ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စမတ်ကဒ်များကို မြဝတီမြို့အပြင် ဖားအံမြို့ရှိ ရပ်ကွက်အချို့တွင်လည်း စစ်ကောင်စီ၏ ဌာန ဆိုင်ရာ ဝန်ထမ်းများက စတင် ကိုင်ဆောင် အသုံးပြုနေကြပြီးဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် အဆိုပါ စမတ်ကဒ်ကို ထုတ်ပေးသည်ကိုမူ သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားဝင် ထုတ်ပြန်ထားခြင်းမရှိကြောင်း တွေ့ရသည်။
ဖားအံမြို့ခံ တစ်ဦးက “မှတ်ပုံတင်အစား စမတ်ကဒ်လုပ်ရမယ်တဲ့။ အခုက စကစနဲ့ပတ်သက် တဲ့သူတွေ ဌာန ဆိုင်ရာ ဝန်ထမ်း တွေ လောက်ပဲ အရင်လုပ်ပေးသေးတယ်။ ရပ်ကွက်အလိုက် အကုန်လုံး လုပ်ရ မယ်လို့ ပြောတယ်။ ကဒ်လုပ် ပြီးသွား ရင် မှတ်ပုံတင်အဟောင်းတွေသိမ်းမယ်တဲ့။ တစ်ချို့ရပ်ကွက်ရုံးမှာ သွားလုပ် ကြတာတွေတော့ရှိတယ်။ တရား ဝင်တော့လုပ်ရမယ်လို့တော့ ပြောသံမကြားရသေးဘူး။ ဘယ်သွားသွားအဲ့ကဒ် ကိုင်ပြီးသွားရင် မှတ်ပုံတင်မလို တော့ဘူး”ဟု ကေအိုင်စီ သို့ပြောသည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ပြန်လည်သိမ်းယူပြီး စမတ်ကဒ်များ အသစ်ထုတ်ပေးမည့် သတင်းများ ထွက်ပေါ်လာသည့် မည်သည့် ရည်ရွယ်ချက်ဖြင့် ပြောင်းလဲ အသုံးပြုရမည်ကို မသိရသောကြောင့် ယခင်မှတ်ပုံ တင်အဟောင်းကိုင်ဆောင်ထားသည့် အရပ်သားပြည်သူများအနေဖြင့် စမတ်ကဒ်ပြားကို မပြုလုပ်လိုကြကြောင်း လည်း မြို့ခံ လူထုအချို့က ဆိုသည်။
“မှတ်ပုံတင်အဟောင်းတွေသိမ်းမယ်ဆိုတော့ သူတို့ကဘယ်လိုအကြံနဲ့ လုပ်နေလဲမသိရဘူးလေ။ ဘယ်မှမသွား ရရင် နေပါစေ သူတို့ထုတ်ပေးတဲ့ စမတ်ကဒ်သွားမလုပ်ဘူး အဟောင်းပဲသုံးမယ်” ဟု ဖားအံမြို့ခံက ဖြည့်စွက် ပြောသည်။
၎င်း စမတ်ကတ်ပြုလုပ်ရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများကို ဖောင်ပေးအပ်ထားပြီးဖြစ်သလို လက်ဗွေရာများ၊ မျက်လုံးကို စကင်ဖတ် မှတ်တမ်းယူခြင်း၊ ကိုယ်ရေးအချက်အလက်များကို ထည့်သွင်း ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်ဟု ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နီးစပ်သည့်သူများထံမှသိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်များကို စမတ်ကဒ်အဖြစ် ပြောင်းလဲရန် ပြီးခဲ့သည့် ၂၀၁၅ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)အစိုးရ လက်ထက်က စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းအစိုးရ သက်တမ်း မကုန်ခင်က ရှေ့ပြေးစမ်းသပ်လုပ်ဆောင်ခဲ့ခြင်းများလည်းရှိသည်။



















