Home သတင်း ဖလူးဒေသခံကလေးများကို ကာစီနိုတရုတ်လုပ်ငန်းရှင်နှင့် BGF တပ်က သက်တမ်းလွန်မုန့်များဝေပေးခဲ့ဟု ဆို

ဖလူးဒေသခံကလေးများကို ကာစီနိုတရုတ်လုပ်ငန်းရှင်နှင့် BGF တပ်က သက်တမ်းလွန်မုန့်များဝေပေးခဲ့ဟု ဆို

733
Photo: CJ

ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ တောင်ဘက် ဖလူး၊ ဆုံဆည်းမြိုင်၊ ဝေါလေဒေသက ဒေသခံကလေး များအတွက်ဟုဆိုကာ မြဝတီအခြေစိုက် နယ်ခြားစောင့်တပ် -BGF က တာဝန်ရှိသူအ ချို့နှင့် တရုတ်ကာစီနိုလုပ်ငန်းရှင်များ ပူးပေါင်းပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်တွင် သက်တမ်းလွန် တရုတ်မုန့် မျိုးစုံကို လိုက်လံဝေငှခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောဆိုကြသည်။

ဇူလိုင်လ ၂၂ရက်က ဖလူးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် ဒေသခံများ ကလေးများအပြင် အသက် ၆၅ နှစ်အထက် လူကြီးများအား ခေါ်ယူ စုရုံးစေပြီးနောက် ထောက်ပံ့ကြေးပိုက်ဆံနှင့် တရုတ်မုန့်များ ဝေငှခဲ့ပြီးနောက် မုန့်များအား စစ်ဆေးကြည့်ရာတွင် သက်တမ်းလွန်နေသည့် တရုတ်မုန့်များဖြစ်နေကြောင်း ဖလူးဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ မုန်တွေက သက်တမ်းကုန်နေပြီ၊ သူတို့ တရုတ်ကာစီနိုဝင်းတွေထဲက မုန့် ဆိုင်တွေက မုန့်တွေကို ယူလာပြီး တရုတ်တွေနဲ့ BGF တို့က ကလေးတွေကို ဝေပေး တာ၊ ဖလူးဘုရားကျောင်း၊ ဆုံဆည်းမြိုင်ကျောင်းနဲ့ ဝေါလေဘက်က ကျောင်းတွေ အတွက်ပါ ပေးသွားတယ်လို့ သိရတယ်။ နောက်ပြီးတော့ ကလေးတွေကို မုန့်ဖိုးတစ် သောင်းစီ(ကျပ်)ဝေတယ်။ ၆၅နှစ်အထက် လူကြီးတွေကို ၅ သောင်း စီ(ကျပ်)ဝေပေးတယ်”ဟု ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။

ယခုလို သက်တမ်းလွန်မုန့်များနှင့် ငွေကြေးတချို့ပေးအပ်ရာတွင်လည်း ဓာတ်ပုံ ရိုက်ခြင်း၊ ရုပ်သံရိုက်ကူးခြင်းများအား ဒေသခံများ လုပ်ဆောင်ခြင်းမပြုရန် ကန့် သတ်တားမြစ်ထားပြီး ၎င်းတို့အား အကူအညီလိုအပ်ပါက အချိန်မရွေး အကူအညီ တောင်းခံ၍ရကြောင်းလည်း BGF တာဝန်ရှိသူက ပြောဆိုသွားကြောင်း ၎င်း ဖလူးဒေသခံက ယခုလို ဆက်ပြောသည်။

Photo: CJ

“ မုန့်တွေ သက်တမ်းလွန်တာ သိတဲ့သူကတော့ ပေးမစားတော့ဘူး၊ မသိတဲ့ ကလေးတွေကတော့ စားကုန်ကြပြီ။ ဒါကအမြင်ကောင်းအောင် ကူညီပေးတယ် ဆိုတာမျိုး လာလုပ်ပြီး ရွာသားတွေကျတော့ ဓာတ်ပုံပေးမရိုက်ခိုင်းဘူး။ သူတို့ ကျတော့ ဓာတ်ပုံရိုက်ယူသွားတယ်။ နောက်ပြီးလိုအပ်တာ သူတို့ကို အကူအညီ တောင်းလို့ရကြောင်းလည်း ပြောသွားသေးတယ် ”ဟု ဖလူးဒေသခံက ပြောသည်။

ထို့အပြင် ဆုံဆည်းမြိုင်ကျေးရွာ စာသင်ကျောင်းရှိ ကလေးများအား ကျောင်းသုံး စာအုပ်၊ ကျောပိုးအိတ်နှင့် မုန့်ထုပ်များ ဆက်လက်ဝေငှခဲ့ပြီး ဝေါလေ ဒေသရပ်ရွာ တာဝန်ရှိသူများမှတစ်ဆင့်ဝေါလေ ဒေသခံများအတွက် မုန့်နှင့် ထောက်ပံ့ကြေးငွေ များတစ်ဆင့် ဝေငှပေးရန် ပေးအပ်ခဲ့ကြောင်းလည်း သိရှိရသည်။

လတ်တလောတွင် သက်တမ်းလွန် တရုတ်မုန့်ပဲသရေစာများကို မစားသောက်ရ သေးသည့် ကလေးများထံမှ သိမ်းယူစွန့်ပစ်ရန် ဒေသခံလူကြီးများကအသိပေးထားကြောင်း သိရပြီး ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ BGF တာဝန်ရှိသူများထံ တယ်လီဖုန်းဆက်သွယ် မေးမြန်းရာတွင် လက်ခံဖြေကြားမှု မရရှိသေးပေ။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း မြဝတီအခြေစိုက် BGF တပ်ဖွဲ့နှင့် တရုတ်ကာစီနို လုပ်ငန်းရှင်များ ဦးဆောင်ပြီး ဒေသတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ဖွဲ့တာဝန်ရှိသူများ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA တပ်ဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC တပ်ဖွဲ့ များ နှင့် ချိတ် ဆက်ကာ ဖလူးကျေးရွာနှင့် မဲကနယ်ကျေးရွာတို့တွင် ဆန်ရိက္ခာနှင့် ကျေးရွာများ ဖွံ့ဖြိုးရေးသုံးရန် ငွေကြေးထောက်ပံ့မှုများလုပ်ဆောင်ခဲ့သေးကြောင်း သိရှိရသည်။