ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ရှောင်ပြည်သူများအနေဖြင့် စားနပ် ရိက္ခာများ ပြတ်လပ်ကာ အရေးပေါ်အကူအညီလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများက ပြောသည်။
၎င်းတို့အနေဖြင့် ကာလအတန်ကြာစစ်ဘေးရှောင်နေရပြီး ကူညီထောက်ပံ့မှုရပ်တန့်သွားသဖြင့် လတ်တ လောတွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့နေရကြောင်း စစ်ရှောင်အမျိုးသမီး တစ်ဦးက ယခုလို ပြောသည်။
“ဖရူဆိုအနောက်ဘက်ခြမ်း မော်သီးဒိုကျေးရွာက စစ်ရှောင်ပြည်သူတွေ တစ်ထောင်လောက်ရှိမယ်။ ကူညီထောက်ပံ့မှုမရတာကြာပြီး။ အိမ်ထောင်စုတစ်ချို့တော့ စားနပ်ရိက္ခာပြတ်နေပြီး။ ကလေးငယ်တွေ လည်း အာဟာရချို့တဲ့ကုန်ပြီး”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
အလားတူ ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းများကို စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ပစ်မှတ်ထား ပစ်ခတ်လေ့ရှိသလို ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းအချို့လည်း ဗုံးကြဲခံရသဖြင့် ညအချိန် စစ်ရှောင် စခန်းတွင် မအိပ်ရဲကြသောကြောင့် နီးစပ်ရာတောတွင်းနေရာများတွင် ပုန်းခိုအိပ်စက်နေရကြောင်း မော်သီဒိုစစ်ရှောင် ပြည်သူများက ပြောသည်။
ကရင်နီပြည်နယ်တွင် နေ့စဉ်နှင့်အမျှ ဒုက္ခရောက်သူ စစ်ဘေးရှောင်ဦးရေ တိုးများလာပြီး အလှူရှင်များ အနေဖြင့် တိုက်ပွဲများကြောင့် ဘေးဒုက္ခရောက်သည့် ပြည်သူများကို ဦးစားပေးကူညီစေလိုကြကြောင်း ကရင်နီလူအခွင့်အရေးအဖွဲ့(KnHRG)၏ ဒါရိုက်တာ ကိုဗညားက ပြောသည်။
၎င်းက “ကျနော်တို့ပြည်နယ်မှာနေ့စဉ်နဲ့အမျှ စစ်ဘေးရှောင်ဦးရေတွေ ဘေးဒုက္ခရောက်သူတွေပိုတိုး လာတယ်။ ဘေးဒုက္ခတွေပိုများလာပြီး အလှူငွေဘတ်ဂျက်ကလည်းလျော့လာတယ်။ အဲ့ဒီအပေါ် သေချာတွက်ချက်ပေးဖို့ မြေပြင်မှာ တိုက်ပွဲတွေဖြစ်ပြီးဘေးဒုက္ခရောက်တဲ့ပြည်သူတွေ စား နပ်ရိက္ခာ မျှဝေပေးစေချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်များအနေဖြင့် အဓိက စားနပ်ရိက္ခာနှင့်ဆေးဝါးများလိုအပ်နေပြီး ဒေသတွင်းရှိ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ တတ်နိုင် သမျှ ထောက်ပံ့ကူညီမှုပေးနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG ) တာဝန်ရှိသူများက ဆိုသည်။



















