Home သတင်း KNU တပ်မဟာ(၂) တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၂ ဦး ကျည်ထိမှန်၊ ဒေသခံအချို့ ဖမ်းဆီးခံထားရ

KNU တပ်မဟာ(၂) တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၂ ဦး ကျည်ထိမှန်၊ ဒေသခံအချို့ ဖမ်းဆီးခံထားရ

478

ဇူလိုင် ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)နယ်မြေ၊ တောင်ငူခရိုင်၊ ထန်းတစ်ပင်မြို့နယ် တော ကုန်းကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း ၆ ပူးပေါင်းတပ်တို့အကြား ယနေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံတစ်ဦး ကျည်ထိမှန် သေဆုံးကာ ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဒေသခံအရပ်သားအချို့ကို စစ်ကောင်စီက ဖမ်းဆီး ထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် တောကုန်းကျေးရွာတွင် တပ်စွဲထားစဉ် ယနေ့ နံနက် (၆)နာရီဝန်း ကျင်တွင် KNLA တပ်ဖွဲ့ နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုရှိပြီးနောက် ဒေသခံ အမျိုးသား ၁၀ ဦးထက်မနည်းကို ကျေးရွာဘုရားကျောင်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“သူတို့ဘက်က ထိခိုက်မှုရှိလာတော့ လူထုတွေကို လိုက်ဖမ်းဆီးချုပ်နှောင်တာရှိတယ်။ သိတဲ့အတိုင်း ဒါကသူတို့ လုပ်နေကြပေါ့။ သူတို့က ရွာမှာဖမ်းရင် ဖမ်းဆီးချုပ်နှောင်တယ်။ ရွာအပြင်မှာ ဖမ်းရင်တော့ ပစ်သတ်တယ်ပေါ့။ အဲလိုပြောထားတာလည်း ရှိခဲ့တယ်။ အခုညနေရောက်ပြီး ပြန်မလွတ်လာသေးဘူး။ အခုက စစ်ကောင်စီက ရွာထဲမှာ တပ်စွဲထားတုန်း။ ” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် တောကုန်းရွာနှင့် တောင်ငူခရိုင် ထိုလွီဝါးအထက်တန်းကျောင်းကြားတွင်ဖြစ်ပြီး အဆိုပါ အပစ်ခံရသည့် ကျောင်းသူမှာ အသက် ၁၄နှစ်သာရှိကာ ကျောင်းသို့ ဆိုင်ကယ်ဖြင့်သွားစဉ် စစ်ကောင်စီက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်အတွက် ထိုလွီဝါးအထက်တန်းကျောင်းကို ပိတ်ထားလိုက်ရပြီး အနီးအနားရှိ ဇီးဖြူကုန်း၊ ရေလျှံအပါအဝင် ဒေသခံအချို့လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ တောကုန်းကျေးရွာတွင် စစ်ကောင်စီတပ်စွဲထားသည့်အတွက် ဒေသခံများ ရွာပြင်ထွက်ပြေး၍ မရဘဲပိတ်မိနေကြောင်း နီးစပ်သည့် ဒေသခံရွာသားများက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကလည်း ရေလျှံနားရှိ ရှားစေးဘိုစခန်း အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၃၀၆) တပ်ဖွဲ့မှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထိုလွီဝါး အထက်တန်းကျောင်းနေရာကို လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ထိုလွီဝါး အလယ်တန်းကျောင်းသူ (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။