Home သတင်း လက်နက်ကြီးပစ်ခတ်ခံရ၍ အလူးရွာရှိ နေအိမ်(၂)လုံးပျက်စီး၊ မပေါက်ကွဲသေးသော လက်နက်ကြီးအန္တရာယ်ရှိနေ

လက်နက်ကြီးပစ်ခတ်ခံရ၍ အလူးရွာရှိ နေအိမ်(၂)လုံးပျက်စီး၊ မပေါက်ကွဲသေးသော လက်နက်ကြီးအန္တရာယ်ရှိနေ

689

ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် အလူးကျေးရွာအုပ်စုအတွင်းသို့ ယနေ့ နံနက်ပိုင်းက အလုံတောင်စစ်ကောင်စီတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက် နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် ဒေသခံနေအိမ်(၂)လုံးပျက်စီးပြီး ကျေးရွာအ တွင်း ကျရောက်မပေါက်ကွဲသေးသော နောက်ထပ်လက်နက်ကြီးအန္တရာယ်များ လည်းရှိနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် အလူးကျေးရွာအုပ်စုရှိ အလယ်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်ထိခိုက်ပျက်စီးခြင်းဖြစ်ပြီး ရွာအနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများ စတင်ကျရောက်ချိန်မှစ၍ ဒေသခံများ နေအိမ်မှစွန့်ခွာထွက်ပြေးကြသောကြောင့် လူထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “လက်နက်ကြီးပစ်သံတွေကြားတယ်။ ရွာအနားတစ်ဝိုက် လက်နက်ကြီး ကျတယ်။ ကျသံကြားတာနဲ့ နီးစပ်ရာ တောတောင်ထဲပြေးပုန်းကြတော့ အိမ်တွေမှာ လူမရှိဘူး။ အဲ့ဒါကြောင့်ထိခိုက်တာတော့ မရှိလိုက်ဘူး။ အခုတော့ အိမ်ပြန်နေသူနေ ရှောင်သူကလည်းရှောင်ကြတုန်းပေါ့” ဟု ကေအိုင်စီသို့ သည်။

ထို့အပြင် ကျေးရွာအတွင်း ကျရောက်သော လက်နက်ကြီး ဆယ်လုံးထက်မနည်းမှ အချို့သော လက်နက်ကြီးများသည် အလူးရွာအုပ်စုရှိ အနောက် ရွာနှင့်အလယ်ရွာ တို့တွင် မပေါက်ကွဲဘဲကျန်ရှိနေပြီး သတိထား နှုတ်ယူရမည်ဖြစ် ကြောင်း အချိန်မရွေးပေါက်ကွဲနိုင်သည့်အန္တရာယ်ရှိသေးသဖြင့် ၎င်းနှင့်အနီးအနားရှိ လူနေအိမ်ခြေများတွင် သွားလာနေထိုင်မှုမရှိစေရန် လုပ်ဆောင်ထားရကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“လက်နက်ကြီးရဲ့ထိပ်မှာ ကွဲယမ်းရှိတယ်။ ဒီကွဲယမ်းက အလုပ်မလုပ်လို့ မြေမှာကျပေမယ့် မပေါက်ကွဲတာ၊ ဒါပေမယ့် သူ့ကိုနှုတ်ယူမယ်ဆိုရင်တော့ မပေါက်တော့ဘူးဆိုပြီး စိတ်ချလက်ချသွားလုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ သူ့ထိပ်ကပါးပါးလေး အချိန်မရွေးပေါက်နိုင်တဲ့အတွက် အန္တရာယ်များတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ ရပ်တန့်သွားပြီဖြစ်သောကြောင့် ပြန်လာသူဒေသခံအချို့ရှိနေပြီဖြစ်သလို အချို့မှာ နောက်ထပ်ပစ်ခတ်ခံရနိုင်သည့်အရေး စိုးရိမ်မှုကြောင့် ဆက်လက်တိမ်းရှောင် နေကြဆဲဖြစ်ကြောင်း ဒေသသတင်းအရင်းအမြစ်များက ပြောဆိုကြသည်။

ယခုနှစ်ဝက်အတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းနံဘေးရှိ အဆိုပါ အလူးကျေးရွာ အုပ်စုအနီးတွင် စစ်ကောင်စီနှင့်နယ်မြေခံတော်လှန်ရေးအင်အားစုများ မကြာခဏ တိုက်ပွဲဖြစ်ပွားခြင်းများရှိခဲ့သလို စစ်ကောင်စီက အလူးကျေးရွာအုပ်စုသာမက နီးစပ်ရာကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သဖြင့် ဒေသခံထိခိုက်သေဆုံးခြင်းများရှိခဲ့ပြီး ဒေသခံများနေရပ်စွန့်ခွာထွက်ပြေးခဲ့ရသေးသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ(၁၅)ရက်နေ့ကလည်း ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရသလို စစ်တပ်လက်နက်ကြီးပစ် ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦးအပါအဝင် (၃)ဦး အသက်သေဆုံးခဲ့ရကြောင်း ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။