ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေအတွင်း အာဏာသိမ်းပြီးနောက်ပိုင်း လက်နက် ကိုင်ပဋိပက္ခများနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော စစ်ဘေးရှောင် အများအပြားအနက် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ကလေးသူငယ်များအတွက် အာဟာရ ပြည့်ဝသည့်အစားအစာ လုံလောက်စွာရရှိနိုင်မှုသည် အခက်အခဲဖြစ်လာကြောင်း ကရင်အမျိုးသမီးအစည်းအရုံး -KWOထံမှ သိရသည်။
ယခုကဲ့သို့ မိုးရာသီကာလတွင် အခြားသောစစ်ဘေးရှောင်များထက် ကိုယ်ဝန်ဆောင်၊ နို့တိုက် မိခင်နှင့်ကလေးများက မိမိတို့နေရပ်အတွင်း အခြေတကျနေထိုင်ရသည့် အခြေအနေများနှင့် နှိုင်းယှဥ်ပါက စစ်ဘေးရှောင်ရာအရပ်တွင် အာဟာရပြည့်ဝစွာစားသုံးရမှုမှာ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေကြောင်း KWO ၏ တွဲဖက်အတွင်းရေးမှူး(၂) နော်အဲ့တမွီဖောက ယခုလိုပြောသည်။
“တချို့မိခင်တွေအတွက်ဆိုရင် နို့ရည်ထွက်ရှိဖို့အခက်အခဲရှိတယ် ။ ဒီအကြောင်းကြောင့်လည်း ကလေးအတွက် နို့ရည်အစား နို့မှုန့်၊ အာဟာရမှုန့် ရရှိနိုင်မှုက ခဲယဥ်းတယ်။ ကျမတို့ ဒီဒေသတွေမှာ ဖြတ်သန်းရတဲ့အခါကျရင်တော့ အရမ်းခက်ခဲနေတဲ့ နို့မှုန့်လိုအပ်တဲ့ကလေးတွေရော၊ အာဟာရလို အပ်တဲ့မိခင်တွေရော လာတောင်းလာတာရှိလို့ လက်လှမ်းမီနိုင်သလောက်ကတော့ ကူညီတာရှိ တယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် KWO နှင့် အခြားအဖွဲ့အစည်းအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေးငယ်များအတွက် အာဟာရပြည့်ဝမှုရှိရန် လိုအပ်သော အထောက်အပံ့များအား မိမိတို့တတ်နိုင်သမျှ ထောက်ပံ့ပေးနေသော်လည်း စစ်ရှောင်နေရာ တိုင်းသို့လိုက်၍ စစ်ဘေးရှောင်ကလေးငယ်များအတွက် ကာကွယ်ဆေးသီးသန့် လိုက်လံထိုးပေးနိုင်မှု အခြေအနေမျိုးကိုမူ မကြားမိသေးကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ကေအဲန်ယူ အုပ်ချုပ်နယ်မြေများတွင် လက်ရှိအချိန်ထိ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ခြောက်သိန်းကျော်အထိရှိသည့် အနက် အမျိုးသမီး၊ ကလေးသူငယ်အရေအတွက်သည် တိတိကျကျ ကောက်ခံထားခြင်းမျိုးမရှိ သေးသော်လည်း အများအပြားပါရှိနေသည်။ ထိုအထဲတွင် ပဋိပက္ခအတွင်း မီးဖွားလိုက်ရသော ကိုယ်ဝန်ဆောင်မိခင်များ၊ လက်ရှိအထိ ထွက်ပြေးပုန်းခိုနေရသော ကိုယ်ဝန် ဆောင်အမျိုးသမီးများလည်း အရေအတွက်အားဖြင့် ပါဝင်နေသည်ကြောင်း ကရင်အရပ်ဘက်အဖွဲ့များနှင့် စစ်ဘေးရှောင်ကူအဖွဲ့များထံမှ သိရသည်။
သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာမှ စစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးက “ကျမ လက်ခံရထားတဲ့စစ်ရှောင်စာရင်းအရဆို ကိုယ်ဝန်ဆောင်တွေပါတယ်။ စစ်ရှောင်နေရင်းမီးဖွားရတဲ့ အခြေအနေမျိုးလည်းရှိတယ်။ သူကျတော့ ကျေးလက်ပိုင်းက လက်သည်နဲ့မွေးခွင့်ရလိုက်တယ်ပေါ့၊ နေရာမလုံလောက်တာရော တခြားအကြောင်းကြောင့်ရော ကျန်တဲ့ကိုယ်ဝန်ဆောင်သည်တွေ ကိုလည်း တစ်နေရာတစ်နေရာ ခွဲထားရတယ်” ဟု ပြောသည်။
သံတောင်ကြီးမြို့နယ်တွင် ကနဦးသိရှိရ စစ်ဘေးရှောင်အရေအတွက် နှစ်ထောင်ကျော်သည်လည်း ယခုလက်ရှိအချိန်ထိ သံတောင်မြောက်ပိုင်းမှ တိုက်ပွဲနှင့် ပစ်ခတ်မှုများ ကြောင့် နေရပ်ပြန်နေထိုင်နိုင် ခြင်းမရှိသေး၍ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များအတွက် ဆေးဝါးတွေနှင့် အာဟာရထောက်ပံ့နိုင်ရန် လိုအပ်နေသည်ဟု ၎င်းစစ်ရှောင်ကူက ဆက်ပြောသည်။
အလားတူ စစ်ကောင်စီသည် ဒေသအတွင်း ဆေးဝါးသယ်ဆောင်ခွင့်ကို ကန့်သတ်ပိတ်ဆို့ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများအား လိုက်လံဖမ်းဆီးခြင်းများစွာ ပြုလုပ်လျက်ရှိသည့်အတွက် ဆေးဝါး တင်သွင်းမှု အခက်အခဲဖြစ်လာသလို ကျန်းမာရေး စောင့်ရှောက်မှုကောင်းစွာ မရရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ မီးဖွားချိန်တွင် အန္တရာယ်တွေ့ ကြုံရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ပြီးခဲ့သည့်နှစ်ဝက်ခန့်က မှတ်တမ်းပြုစုထုတ်ပြန်ချက်အရ သိရသည်။



















