ဇူလိုင် ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကေအဲန်ယူ -ကရင်အမျိုးသား အစည်းအရုံးနယ်မြေ တောင်ငူခရိုင် ထန်းတပင်မြို့နယ်ရှိ ကျေးရွာ (၄)ရွာမှ ဒေသခံများ ရွာလုံး ကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ရက်နေ့က အင်အား ၁၀၀ ခန့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်းကြား တောကုန်းရွာအနီးတွင် ပစ်ခတ်မှုဖြစ် ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ ပစ်ခတ်သည့်အပြင် ဇူလိုင်လ ၂၈ရက်နေ့ ညနေပိုင်း တွင်လည်း လေကြောင်းအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် ရွာလုံးကျွတ် စစ်ရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၂၈ရက်နေ့ ညနေ (၆)ခန့်တွင် တောင်ငူခရိုင် ထိုလွီဝါး အထက်တန်းကျောင်းအနီးဝန်းကျင်တွင် စစ်ကောင်စီက ရဟတ်ယာဉ်အသုံးပြု၍ လာရောက်ပစ်ခတ်သည့်အပြင် ယနေ့ နံနက်(၆)နာရီအချိန်ခန့်တွင်လည်း လက်နက်ကြီးများနှင့် ထပ်မံပစ်ခတ်သည့်အတွက် ဒေသခံများ ထပ်မံတိမ်းရှောင်နေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “လက်နက်ကြီးနဲ့မနေ့က လည်းပစ်တယ် ဒီနေ့လည်းပစ်တယ်။ ထွက်ပြေးတဲ့ ရွာသားတွေကို သူတို့ တပ်စခန်းက ဘာလို့ပြေးလဲ မပြေးနဲ့ သူတို့ခြိမ်းခြောက်လာ ပစ်တာပဲဆိုပြီး ပြောတာရှိတယ်။ ခြိမ်းခြောက် ပစ်တာက လေယာဉ်တွေနဲ့ဆိုတော့ မဟုတ်ဘူးလေ။ ထိုလွီဝါးကျောင်းအနီးမှာပစ်တာ။ ဟိုနေ့က တိုက်ပွဲဖြစ်တဲ့နေရာလောက်မှာပဲ လေယာဉ်နဲ့လာပစ်တယ်”ဟု ကေအိုင်စီသို့ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ တောကုန်း၊ ဇီးဖြူကုန်း ၊ ရေလျှံနှင့် ရှားစေးဘို စသည့် ကျေးရွာများဖြစ်ပြီး ထိုလွီဝါးအထက်တန်းကျောင်းအနီးဝန်းကျင်တွင် လေယာဉ်နှင့် လာရောက်ပစ်ခတ်သည့်အတွက် ဘော်ဒါဆောင်နေကျောင်းသူ၊ ကျောင်းသားအချို့ မိဘများ လာရောက်ခေါ်ဆောင်သွားခြင်းလည်းရှိသည်ဟု သိရသည်။
“ ကျောင်းမနီးမဝေးမှာ လာပစ်တယ်ဆိုတော့ ကျောင်းမှာက သတိနဲ့နေရတယ်။ တချို့က မိဘလာ ခေါ်သွားလိုက်တာရှိတယ်။ အခုက ကျောင်းပိတ်ရက်လည်းဖြစ်တော့ ကျောင်းပိတ်ထားတယ်။ ကျောင်းဖွင့် ရက်အချိန်ကျရင် အခြေအနေတော့ကြည့်ရမှာပေါ့။ ဟိုနေ့ကလည်း ကျောင်းသူတစ်ဦး ထိသွားတာလည်းရှိတယ်။”ဟု ထိုလွီဝါးကျောင်းသားမိဘတစ်ဦးက ကေအိုင်စီသို့ပြောသည်။
အဆိုပါ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၇ရက်နေ့တွင် တောကုန်းဒေသခံအချို့ကို ဖမ်းဆီးချုပ်နှောင်ခဲ့သလို စစ်ကြောင်းထိုးလာသည့်နေ့တွင် ဆိုက်ကယ်ဖြင့် ကျောင်းသွားနေသည့် ထိုလွီဝါး အထက်တန်းကျောင်းမှ အသက် ၁၄နှစ်အရွယ် ကျောင်းသူတစ်ဦးကိုလည်း စစ်ကောင်စီဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည့်အတွက် ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သေးကြောင်း သိရသည်။



















