Home သတင်း ကျောက်ကြီးနှင့် နတ်သံကွင်းကြားရှိ ကားလမ်းကို ပြည်သူများမသွားလာကြရန် KNDO ထုတ်ပြန်

ကျောက်ကြီးနှင့် နတ်သံကွင်းကြားရှိ ကားလမ်းကို ပြည်သူများမသွားလာကြရန် KNDO ထုတ်ပြန်

809

ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နှင့် နတ်သံကွင်းကြားရှိ ကားလမ်းပေါ်တွင် ပြည်သူလူထုများ သွားလာခြင်းမပြုကြရန် ကရင်အမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (KNDO)က ယမန်နေ့ ဇူလိုင်လ ၂၇ ရက် နေ့စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် အဆိုပါလမ်းပိုင်းကို ပြည်သူလူထုအား ဒိုင်းကာသဘောဖြင့် အသုံးပြုကာ နည်းမျိုးစုံ စစ်ရေးလှုပ်ရှားနေသဖြင့် ယခုလိုထုတ်ပြန် အသိပေးခြင်းဖြစ်ကြောင်း KNDO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် ဇူလိုင်လ ၂၇ရက်မှစ၍ ပြည်သူများအနေဖြင့် ကျောက်ကြီးနှင့်နတ်သံကွင်းမြို့အကြား ကားလမ်းပေါ်တွင် မသွားလာကြရန်အပြင် ကားလမ်းနံဘေးရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ည(၆)နာရီမှ နံနက်(၆) နာရီအတွင်း မသွားလာကြရန်နှင့် အရေးပေါ်သွားလာမှုလိုအပ်ပါက တာဝန်ရှိသူများအား ကြိုတင်အကြောင်း ကြားရန် ထုတ်ပြန်သတိပေးထားခြင်းဖြစ်သည်။

နတ်သံကွင်း ဒေသခံတစ်ဦးက “တပ်မဟာ (၃) စာထုတ်ပြန်တာက သွားလာတဲ့ပြည်သူလူထုအပေါ် အာဏာသိမ်း စစ်ကောင်စီက အခွင့်အရေးယူပြီး လှုပ်ရှား‌မှု လုပ်နေတာ‌ကြောင့် ဖြစ်တယ်”ဟု KNDO ထုတ်ပြန်ချက်အပေါ် သူ၏အမြင်ကို ကေအိုင်စီသို့ ပြောဆိုသည်။

ထိုသို့ သတိပေး ညွှန်ကြားချက်များကို ပြည်သူများအနေဖြင့် လိုက်နာ ရန်ပျက်ကွက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ကြောင်းနှင့် ညွှန်ကြားစာထွက်ရှိသည့်နေ့မှ ပြည်လည် မရုပ်သိမ်း မချင်းအကြုံးဝင်ကြောင်း KNDO အမှတ် (၃) တပ်ရင်းမှူး လက်မှတ်ဖြင့်ထုတ်ပြန်ထားသည်။

အဆိုပါ ကျောက်ကြီးမြို့ နှင့် နတ်သံကွင်းကြားရှိ တံတားတစ်စင်းကိုလည်း ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က တော်လှန်ရေးအင်အားစုဘက်က စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်သည့်အနေဖြင့် မိုင်းခွဲ ဖျက်ဆီးခဲ့သလို တံတား ၅ စင်းခန့် ဖျက်ဆီးခံထားရပြီး ယခုလို သတိပေး ထုတ်ပြန်မှုကြောင့်လည်း သွားလာ သူနည်းသွားကြောင်း ဒေသခံများက ပြောသည်။

“အရင်ကတည်းက တံတားတွေ အားလုံးနီးပါဖျက်ဆီးခံရတယ်။ ကားနဲ့တော့သွားလာလို့မရဘူး။ ဆိုင်ကယ်နဲ့ပဲ သွားလာလို့ရတယ်။ ယခုလို ကရင်အမျိုး သားကာကွယ် ရေးတပ်ဖွဲ့မှစာထုတ်ပြန်တာကြောင့် သွားလာသူနည်း သွားမယ်။ ကျနော်လည်းလမ်းမပေါ်မသွားဖြစ်ဘူး”ဟု အခြားနတ်သံကွင်းဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

အလားတူ ယခုရက်ပိုင်းတွင်လည်း ကျောက်တံခါးမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် သည် ပြည်သူပိုင်ပစ္စည်းများခိုးယူခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်း နှင့် ကျေးရွာအတွင်းလက်နက်ကြီးများ ပစ်ခတ်ခြင်းများလုပ်‌ဆောင်နေကြောင်း နယ်မြေခံသတင်းအရင်းအမြစ်ထံမှသိရသည်။