Home သတင်း ကော့ကရိတ်မြို့ အမှတ် ၃ ဂိတ်နှင့် တံတားဦးရပ်ကွက်ထိပ်တွင် တိုက်ပွဲဖြစ်၍ နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှု ရှိနေ

ကော့ကရိတ်မြို့ အမှတ် ၃ ဂိတ်နှင့် တံတားဦးရပ်ကွက်ထိပ်တွင် တိုက်ပွဲဖြစ်၍ နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှု ရှိနေ

1025

ဇူလိုင်လ ၁၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့မြောက်ဖက်၊ တံတားဦးရပ်ကွက် နှင့် ကော့ကရိတ်ရုံး ကုန်းအမှတ် (၃) စစ်ဆေးရေးဂိတ် နေရာ များကို ယမန်နေ့ ဇူလိုင်လ ၁၃ရက် နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း KNLA စစ်ရေး သတင်းအရင်းအမြစ်များကပြောသည်။

ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၉၇)တပ်ကို KNLA ပူးပေါင်းတပ်များက နေ့စဥ် နီးပါး လာရောက်တိုက်ခိုက်နေပြီး ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့အထိ ပစ်ခတ်မှုအချို့ ဆက်ရှိနေသေးပြီး ယမန်နေ့ တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း နှစ်ဖက် ထိခိုက် ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး KNLA စစ်ရေး သတင်းအရင်း အမြစ် တစ်ဦးက ယခုလိုပြောသည်။

၎င်းက “မနက်ပိုင်းမှာ အမှတ် ၃ ဂိတ်နဲ့ တံတားဦး ရပ်ကွက်ထိပ်မှာ ပစ်ခတ်နေတယ်။ ပူးပေါင်းအဖွဲ့ဘက်က နှစ်ယောက်ဒဏ်ရာရတယ်။ စစ်တပ်ဘက် က ၄ယောက် ကင်းကတုတ် နားရပ်နေတာကိုပစ်တာ ၄ ယောက်စလုံး ထိပြီးလဲကုန်တယ်။ ဆုံးဖို့များတယ်။ ၉၇ တပ်ကလည်း ရန်ကုတ်၊ ကြောင်လျှာကုန်းဘက် လက်နက်ကြီး ပစ်ထုတ်နေတယ်။ လက်နက်ကြီးကတော့ ပစ်ထုတ်နေတုန်းပဲ ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ နှစ်ပစ်ခတ်မှုများကြောင့် ဒေသခံ ရွာသားများအနေဖြင့် ကတုတ်ကျင်းထဲတွင် ပုန်းအောင်း နေရသလို လက်ရှိ စပါးစိုက်ပျိုးနေကြသည့် ဒေသခံ ရွာသားများလည်း အလုပ်ကိုရပ်နားထားပြီး တောင်ကုန်းဘက်ကို တက်ပြေးပုန်းနေရသလို လေယာဉ် လာပစ်ခတ်မှာကိုလည်း ကြောက်နေကြာရကြောင်း ၎င်း KNLA သတင်းအရင်း အမြစ်က ဆက်ပြောသည်။

ယနေ့ ဇူလိုင်လ ၁၄ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဘက်မှ မြေပြင်စစ်ကြောင်း အပြင် ခလရ-၉၇ တပ်နှင့် လှိုင်ဝ အမြောက်ကုန်းဘက်မှ ကျေးရွာများဘက်ကို လက်နက်ကြီး ပစ်ခတ်တာ တချို့ ကြားနေရဆဲ ဖြစ်ကြောင်း ကော့ကရိတ်မြို့နေ ဒေသခံများကပြောသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် ပြီးခဲ့သည့် ဇွန်လ အတွင်းကလည်း ကော့ကရိတ်မြောက်ပိုင်း ကျေးရွာ ခြင်းဆက် လမ်းပိုင်းနေရာ ၅ခု ထက်မနည်း ကို စစ်တပ်က ဖျက်စီးထားသောကြောင့် ဒေသခံ အရပ်သုံးကားများ မြို့ဘက်သို့ သွားလာရန် ခက်ခဲနေကြပြီး ဆိုင်ကယ်ကိုသာ အသုံးပြု သွားလာနေရကြောင်း ဒေသခံများ ကဆိုသည်။

“အခုက ကမ္မရိုက်လမ်း၊ ရန်ကုတ်လမ်း၊ တံတားဦးလမ်းတွေ အဖျက်ခံထားရတော့ ကားသွားလိုမရဘူး။ ဆိုင်ကယ်ဘဲ သွားလိုရတယ်။ ဆိုင်ကယ်သမား မြို့ထဲသွားရင် စစ်တပ်က စစ်တယ်။ လက်သုံးချောင်းအဖွဲ့ PDF အဖွဲ့တွေ စျေးဝယ်လာတာလား။ ဘယ်နားမှာတွေ့ခဲ့လဲမေးတယ်။ အဖြေမတတ်ရင် ဖမ်းထားပြီး ရွာကလူကြီး ငွေ နဲ့ လာရွေးမှ လွတ်ပေးတယ်” ဟု ရန်ကုတ် ကျေးရွာသားတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

လတ်တလောတွင်လည်း ကော့ကရိတ် တောင်ပိုင်း တောင်ကြာအင်းရွာ၊ကျုံဒိုး၊ ၅တိုင်ရွာနှင့် ၉တိုင်ရွာဘက်ခြမ်း အပြင် ကော့ကရိတ်မြောက်ပိုင်း ရန်ကုတ်၊ ကြောင်လျှာကုန်းနှင့် တံတန်ကူးကျေးရွာများက ဒေသခံများ စပါးစိုက် ချိန်၊ပျိုးထောင်ချိန် ကာလဖြစ်၍ နှစ်ဖက်တိုက်ပွဲအခြေအနေပေါ်မူတည်၍ လုပ်ကိုင်နေကြရကြောင်းလည်း ဒေသခံ စပါးစိုက် တောင်သူများက ပြောသည်။