Home သတင်း ကော့ကရိတ်မြို့နယ်ရှိ ဒေသခံအများအပြားငှက်ဖျားရောဂါကူးစက်ခံနေရ

ကော့ကရိတ်မြို့နယ်ရှိ ဒေသခံအများအပြားငှက်ဖျားရောဂါကူးစက်ခံနေရ

864

ဇူလိုင်လ ၁၄ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ဒေသခံပြည်သူအများအပြား ငှက်ဖျားရောဂါကူးစက်ခံနေရကြောင်း ဒေသခံများနှင့် KNU ကျန်းမာရေးတာဝန်ရှိသူများထံမှတဆင့် သိရသည်။

ကော့ကရိတ်မြို့နယ်ရှိ ဒေသခံများတွင် ကလေးသူငယ်များအပြင် လူကြီးများပါ ငှက်ဖျား ရောက်ဂါများ အဖြစ် များနေကြောင်း ကော့ကရိတ်မြို့နယ် KNU ကျန်းမာရေးတာဝန်ခံ စောဒူ က ယခုလိုပြောသည်။

၎င်းက “နေရာစုံ ဖြစ်နေတယ်။ ကလေးရော လူကြီးရော‌ဖြစ်‌ နေတယ်။ တောတောင်ထဲနေ တဲ့သူက ရာခိုင်နှုန်း ပိုများတယ်။ အရင်ကတော့စစ်သားတွေအဖြစ်များတယ်။ စစ်သားက နေရာ တစ်နေရာပြီးတစ်နေရာသွားတော့ ပြန့်သွားတာဖြစ်မယ်”ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ကျေးရွာအတွင်းရှိ ဒေသခံ ရွာသားများသည် တစ်အိမ်‌လျှင် တစ်ဦးမှ နှစ်ဦးအထိ ဖျားနာသူရှိနေပြီး ဖျားနာသူအများစုသည် ကလေးငယ်များဖြစ်ကြောင်း ကော့ကရိတ်မြို့ဒေသခံများကပြောသည်။

ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိဒေသခံအမျိုးသမီးတစ်ဦးက”ဖျားနာတဲ့သူအများအပြားရှိတယ်။တစ်အိမ်တစ်ယောက် နှစ်ယောက်ဖျားတယ်။ ကလေးတွေ‌တော့ ပိုပြီးဖျားနာတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ငှက်ဖျားရောဂါကို အမျိုးအစားအားဖြင့် Plasmodium falciparum (P.f)၊ Plasmodium malaria (P.M)၊ Plasmodium vivax (P.V)နှင့် Plasmodium Ovale (P.O) ဟူ၍ လေးမျိုးရှိကာ ယခုဖြစ်ပွားမှုအများဆုံးသည် ငှက်ဖျားအပျော့စားဖြစ်သည့် (PV)ဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် ကေအဲန်ယူ ကျန်းမာရေးတာဝန်ရှိသူ ထံမှ သိရသည်။

ငှက်ဖျားရောဂါသည် သဘာဝအားဖြင့် ရောဂါ ကူးစက်ခံထားရသည့်ခြင်မ (Anopheles mosquito) ကိုက်၍ ရောဂါရရှိခြင်းဖြစ်ကာ ရောဂါပိုးသယ်ဆောင်ထားသည့် Anopheles အမျိုးအစား ခြင်ကိုက်ခံရတာကနေ တစ်ဆင့်လည်းကူးစက်နိုင်သည်ဟု သိရသည်။