ဇူလိုင် ၁၃ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ လှိုင်းဘွဲမြို့တွင်းတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်(BGF)တပ်သားများ၏ လှည့်ပတ်သွားလာမှုမှာ ဇူလိုင်လအတွင်း များပြားလာနေသောကြောင့် ဒေသအတွင်း တိုက်ပွဲဖြစ်လာမည်ကို ဒေသခံပြည်သူများက စိုးရိမ်ထိတ် လန့်နေကြသည်။
ယခု ဇူလိုင်လဆန်းမှစ၍ လှိုင်းဘွဲမြို့တွင်းနှင့် ပိုင်ကျုံမြို့နယ်ထဲတွင် စစ်ကောင်စီနှင့် ၎င်းတို့၏လက်အောက်ခံ BGF တပ်များက တစ်ရက်လျင် နှစ်ကြိမ်ခန့် လှည့်ပတ်သွားလာနေသည်ဟု လှိုင်းဘွဲမြို့နေ ပြည်သူတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
ဒေသခံတစ်ဦးက “မြို့ထဲမှာ တစ်နေ့ကို နှစ်ခါလောက် သွားနေကြတာ။ ကားကိုလည်း အကြမ်းမောင်းတယ်။ တခါသွား ရင် လေးယောက်ငါးယောက်ပဲ သေနတ်အပြည့်အစုံနဲ့ ကျနော်တို့ဆိုင်ကယ်တွေဆို ဘေးကျထားပေးရတယ်။”ဟု ပြော သည်။
ယင်းသို့ နေ့စဉ် သွားလာရာတွင် စစ်ကားကြီးများဖြင့် မဟုတ်ဘဲ ကင်းလှည့်စစ်ကားအငယ်များဖြင့် အနည်းဆုံး ကား ၅စီးတွင် စစ်ယူနီဖောင်းနှင့် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများစု ပါဝင်သည်ဟု လည်း ယနေ့ မျက်မြင်တွေ့ရှိခဲ့ရသူတစ်ဦးက အတည်ပြု ပြောဆိုခဲ့သည်။
အဆိုပါဒေသမှာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ တပ်မဟာ(၇)ထဲတွင်ရှိပြီး နှစ်ဖက်စစ်ရေးတင်းမာမှု မရှိ သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် BGF တပ်သားများက လက်နက်ကိုင်ဆောင်ပြီး မြို့နယ်အတွင်း လှည့်လည် သွားလာနေသည့်အပေါ် ဒေသခံများမှာ သွားလာရေးအခက်အခဲဖြစ်ရသည်ဟု ပိုင်ကျုံမြို့နေ ဦးစန်းဝင်းကလည်း ပြော ဆိုသည်။
“မြို့ထဲမှာ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ စစ်ရေးလည်း မတင်းမာဘူး။ ပြည်သူကို သတ်မယ်ဖြတ်မယ့်ရုပ်တွေနဲ့ လက်နက် ကိုင်ပြီး မြို့ထဲပတ် ကားဟွန်းတီးအမြန်မောင်းတယ်။ ဆိုင်ကယ်သုံးဘီးတစ်စီးဆို သူတို့ကားရှေ့ကဖြတ်မောင်းလို့ ဆဲဆို သွားတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကေအဲန်ယူ၊ ဖားအံခရိုင်ထဲတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း စစ်ကောင်စီမှ လှိုင်းဘွဲမြို့ အဝင်အထွက်နေရာများ၌ ဂိတ်ဘန်ကာများ တည်ဆောက်ကာ ကင်းချထားပြီး သွားလာနေသည့်ပြည်သူ များကို ငွေကြေးတောင်းခံခြင်း၊ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်သည်ဟု ဖြတ်သန်းသွားလာသူများထံမှ သိရသည်။



















