Home သတင်း နိုင်ငံအဝှမ်း တရားဥပဒေစိုးမိုးမှု ပျက်စီးလာသောကြောင့် ခိုးဆိုးလုယက်မှု များလာ

နိုင်ငံအဝှမ်း တရားဥပဒေစိုးမိုးမှု ပျက်စီးလာသောကြောင့် ခိုးဆိုးလုယက်မှု များလာ

847
Photo: Myanmar Digital News

ဇူလိုင် ၁၃ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တရားဥပဒေစိုးမိုးမှုပျက်ပြားပြီး တိုင်းပြည်၏ စီးပွားရေးဆုတ်ယုတ်မှု ကြောင့် စားဝတ်နေရေးခက်ခဲခြင်း၏ နောက်ဆက်တွဲအဖြစ် မြို့ရွာများတွင် ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာနေ ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ပြည်သူများ၏ ပြောဆိုမှုများအရ သိရသည်။

လက်ရှိအခြေအနေများအရ မြို့ပြများတွင် ခိုးဝှက်မှုနှင့် အသက်အန္တရာယ်ခြိမ်းခြောက် လုယက်မှုများ ခံနေရသော ကြောင့် ကျားမ မရွေး နေ့ရောညပါ သတိထားသွားလာနေရသလို တရားမျှတမှုရရှိရန် တာဝန်ယူဖြေရှင်းပေးမည့် ရဲဌာနများမှာလည်း စိတ်ချယုံကြည်ရခြင်းမရှိတော့ကြောင်း ရန်ကုန်မြို့နေ အမျိုးသားတစ်ဦးက ယခုလို ပြောြပသည်။

“အခုနောက်ပိုင်းက ပိုဆိုးတယ်။ လိုင်းကားစီးတာကအစ မလုံခြုံတော့ဘူး။ နေ့ဘက်တောင် လူခြေပြတ်တာနဲ့ ပါတဲ့ ပစ္စည်းကို ဓါးထောက်ပြီး လုယူတာမျိုးတွေလည်း ပေါလာတယ်။ တိုင်တောလည်း ထိထိရောက်ရောက် လိုက်လုပ်ပေး သူ မရှိဘူး။ ပတ်ဝန်းကျင်ဆိုလည်း သူခိုး သူခိုး အော်ရင်တောင် ဝိုင်းဖမ်းပေးမယ့်သူ မရှိဘူး။ အကုန်လုံးက သံသယ မျက်စိတွေနဲ့ပဲ ကြည့်နေကြတာ များတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ရပ်ကွက်အတွင်းအပြင်ရှိ ဈေးဆိုင်များတွင် သတိမရှိပါက ဆိုင်ရှိပစ္စည်းပျောက်ရှခြင်း အခြေအနေများ အဖြစ် များလာ၍ ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း သတိမလစ်ဟင်းရန် ကြည့်နေရပြီး ရဲစခန်းတိုင်ကြားသော်လည်း ပျောက်ရှ ပစ္စည်းအခြေအနေနှင့်ပတ်သက်၍ သတင်းမကြားရသည်က များသည်ဟု ဖားအံမြို့ခံ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦး က ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

၎င်းဖားအံမြို့ခံက “ကျမဆိုင်ကယ်ဆို နေ့ခင်းကြောင်တောင် ဆိုင်ရှေ့ရပ်ထားရင်းနဲ့ တစ်ချက်လေး သတိလွတ်တဲ့အချိန် ပျောက်သွားတယ်။ ဆိုင်တွေ တော်တော်များများ ခုနောက်ပိုင်း အဲ့လိုဖြစ်လာတာများတော့ တစ်ချက်မှ အလစ်မပေးရဲ တော့ဘူး။ ရဲစခန်းတော့ တိုင်ထားတာပဲ။ မလှုပ်ရှားပေးလောက်ဘူး ထင်ပါတယ်။ သူများဆိုင်ကယ်တွေပျောက်တာ တိုင်တော့လည်း ပြန်ရတာမျိုး မကြားမိဘူး ဆိုတော့လေ။”ဟု ဆိုသည်။

နိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး ချို့ယွင်းလာပါက သမာအာဇီဝဖြင့် ရပ်တည်၍မရတော့သောကြောင့် အချို့ပြည်သူ များမှာ ထိုကဲ့သို့ အမှုအခင်းများ ကျုးလွန်လာကြသလို စစ်ကောင်စီမှစ၍ ဥပဒေမဲ့လုပ်ရပ်များအား ခွင့်ပြုလိုက်ပါလုပ် ဆောင်နေခြင်း၊ တော်လှန်ရေးလှုပ်ရှားသူများအား တရားခံအဖြစ် သတ်မှတ်၍ အကျဥ်းချထားပြီး အမှန်တကယ် ရာဇ ဝတ်မှုကျူးလွန်သူများကိုမူ ပြန်လွှတ်ပေးနေခြင်းကြောင့် တရားဥပဒေကင်းမဲ့သည့် ဖြစ်စဥ်များရှိလာကြောင်း နိုင်ငံရေး သုံးသပ်လေ့လာသူအချို့ကလည်း ပြောဆိုကြသည်။

နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးရေးသားသူ မောင်ကျော်စွာက “ကျနော်တို့တိုင်းပြည်မှာကျတော့ တိုင်းပြည်အုပ်စိုးနေ တဲ့သူကိုယ်တိုင်က ဥပဒေမဲ့လုပ်ဆောင်တော့ ခေါင်ကမိုးမလုံတော့သလို ဖြစ်လာတာပေါ့။ မြို့ပြတွေမှာဆိုလည်း မူးယစ် ဆေးဝါးတွေကို ဖော်ဖော်သီသီ သုံးခွင့်ပေးထားတာက လူငယ်တွေကို တော်လှန်ရေးဘက်မရောက်အောင် တမင်တကာ လုပ်ဆောင်နေတာ။ ဒါကြောင့် ဒီပြဿနာတွေရဲ့အရင်းခံက စစ်အုပ်စုလို့ပဲ ကျနော်ကတော့ ဆိုချင်တယ်။”ဟု သုံးသပ် ပြောဆိုသည်။

အလားတူ နိုင်ငံ့စီးပွားရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံခြားငွေဈေး အဆမတန်တိုးမြှင့်လာကာ ကုန်ဈေးနှုန်းကြီးမြင့်မှု ကြောင့် ပြည်သူလူထုမှာ အသက်ရှင် ရပ်တည်ရေးအတွက် အကြပ်အတည်းများစွာ ရင်ဆိုင်လာရသည်။ ထို့အပြင် စစ် ကောင်စီသည် နိုင်ငံအဆင့် နေ့ထူးနေ့မြတ်များတွင် အကျဉ်းထောင်များရှိ အကျဉ်းသားအကျဉ်းသူများကို လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့လေ့ရှိသည်။

ယခု ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့ကလည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်းရှိ အကျဥ်းထောင် များမှ အကျဥ်းသား ၇၀၀၀ကျော်ကို လွတ်ပေးခဲ့သည့်အထဲတွင် နိုင်ငံရေးအကျဉ်းသား အရေအတွက် ဆယ်ဂဏန်းခန့် သာ ပါရှိခဲ့ပြီး ကျန်အကျဉ်းသားများမှာ ရာဇဝတ်မှုအမျိုးမျိုးနှင့် မူးယစ်ဆေးဝါးမှုကြောင့် ထောင်ဒဏ်ချမှတ်ခံထားရသူ များဖြစ်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။