Home သတင်း တောင်ကြာအင်းတံတားပေါ်တွင် စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများသာ ဖြတ်သန်းခွင့်ပေး

တောင်ကြာအင်းတံတားပေါ်တွင် စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများသာ ဖြတ်သန်းခွင့်ပေး

848

ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံများကို သွားလာခွင့်ပိတ်ထားသော ကော့ကရိတ်-ကြာအင်းဆိပ်ကြီးကြားရှိ ဟောင်သရောချောင်းကူး တောင်ကြာအင်းတံတားပေါ်တွင် စစ်ကောင်စီ လက် အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများကိုသာ ဖြတ်သန်းသွားလာခွင့်ပေးသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါတံတားကို ပြီးခဲ့သည့်မေလကတည်းက စစ်ကောင်စီဘက်မှ ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကာ အချိန်ပိုင်းနှင့်သွားလာဖြတ်သန်းခွင့်ပေးသည့်ရက်ရှိသလို အချို့ရက်သည် စစ်ကောင်စီလက် အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများကိုသာ သွားလာခွင့်ပေးနေကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦး ကပြောသည်။

၎င်းဒေသခံက “တံတားပေါ်မှာတော့ နယ်ခံတချို့က ပြောတတ်ရင် သွားခွင့်ပေးတယ်။ တချို့ရက်တွေက တံတား ပေါ်ကနေ လမ်းလျှောက်ပြီးဖြတ်ခွင့်ပေးတယ်။ တစ်ခါတစ်လေ ဆိုင်ကယ်၊ ကား တစ်စီးစ၊ နှစ်စီးစ သွားခွင့် ပေးတယ်။ အချို့ရက်တွေက ဘယ်သူ့ကိုမှသွားခွင့်မပေးဘူး။ ဝန်ထမ်းလို့ ပြောလိုက်ရင်တော့ ဝန်းထမ်းတွေ ကပေးသွားတယ်။ တစ်ခါတစ်လေ ဝန်ထမ်းကဒ်တွေပြခိုင်းတာတွေလည်း ရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တံတားပေါ်တွင် ဒေသထွက်သီးနှံများ နှင့် ကုန်ပစ္စည်းများကိုလည်း ကားပေါ်တင်ကာ သယ်ဆောင်ခွင့် မပေးဘဲ ကုန်ပစ္စည်းများကို သုံးဘီးတွန်းလှည်းငှားရကာ သယ်ဆောင်နေရကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ တံတားကဟိုဘက်ဒီဘက်နီးနီးလေးပဲ ကားပေါ်၊ ဆိုင်ကယ်ပေါ်တင်ပြီး ဒူးရင်းသီးတွေဆို သယ်လို့မရဘူး။ ပစ္စည်းတွေအကုန်ချပြီး သုံးဘီးတွန်းလှည်းပေါ်တင်ပြီး ပစ္စည်းသယ်ရတယ်။ ဒီအချိန်မှာ ဒေသထွက်သီးနှံ ထွက်တဲ့အချိန်ဆိုတော့ ဒူးရင်းဆိုရင် တစ်ခေါက်ကို ၅၀၀၀(ငါးထောင်) ကျပ်သယ်ခပေးရတယ်။ အခြား ကုန်ပစ္စည်းတွေကတော့ အပေါ့၊ အလေးပေါ်မူတည်ပြီး သူတို့ ပိုက်ဆံကောက်တယ်။ အဲဒါကလည်း အချိန် ပြည့်သွားလို့ရတာမဟုတ်ဘူး။ သူတို့ဖွင့်တဲ့အချိန်မှ သွားလို့ရတယ်။ တံတားစောင့်စစ်သားတွေဆိုရင် အမြဲမူးတဲ့ရုပ် လူတွေကို ဟောက်လိုက်ငေါက်လိုက်နဲ့လုပ်တယ်။ “ဟု အဆိုပါ ဒေသခံက ကေအိုင်စီသို့ ပြောသည်။

၎င်းဒေသရှိ ဒေသခံများသာမက ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် မွန်ပြည်နယ်ရှိ ပြည်သူလူထုအချို့သည်လည်း အဆိုပါ တောင်ကြာအင်းတံတားကိုသာ အဓိကထား အသုံးပြု သွားလာနေကြရကာ ယခင်တံတား မရှိသည့် အချိန်က လှေနှင့် ကမ်းကူးကြသော်လည်း ယခုအချိန်သည် စစ်ကောင်စီတပ်က လှေဖြင့် ကမ်းကူးခွင့်ကိုပါ မပေးတော့ကြောင်း ဒေသခံများက ပြောသည်။

စားဝတ်နေရေး၊ ကျန်းမာရေးအတွက် သွားလာနေရသည့်ပြည်သူလူထုများသည် အခြားလမ်းကြောင်းဖြစ်သည့် ကမ္မရိုက် ရွာဘက်သို့ ကမ်းကူးသွားလာနေရကာ ယခုအချိန်သည် အဆိုပါလမ်းသည် မိုးရာသီအချိန် လမ်းပျက်သည့်အတွက် ဒေသခံအချို့မှာ မွန်ပြည်နယ်ဘက်သို့ လမ်းကြောင်းပြောင်း၍ သွားလာနေကြ ရကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် မေလ (၁၄) ရက်နေ့က အဆိုပါတံတားထိပ်ရှိ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးမြို့ချင်းဆက် လမ်းမ ကြီးကိုလည်း စစ်ကောင်စီဘက်က ဘူဒိုဇာမြေတူးကားနှင့် ဖျက်ဆီးထားခြင်းရှိသလို တောင်ကြာအင်းကျေးရွာ တွင် စစ်ကောင်စီက လက်နက်ကြီးနှင့်မကြာခဏပစ်ခတ်မှု လုပ်ဆောင်သဖြင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးပြီး ယခု အချိန်ထိ ကျေးရွာရှိ ဒေသခံအချို့စစ်ရှောင်နေကြရဆဲဖြစ်သည်။