Home သတင်း ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် စက်သုံးဆီနှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာ

ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် စက်သုံးဆီနှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာ

1496
Photo: Crd.

ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ၏ ဇူလိုင်လ(၃၁)ရက်နေ့မှစ၍ မြန်မာကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေမည့် သတင်းထွက်ရှိလာပြီးနောက် ကရင်ပြည်နယ်တွင် စက်သုံးဆီနှင့် စားသောက်ကုန်ဈေးနှုန်းများရက်ပိုင်း အတွင်း နှစ်ဆနီးပါးမြင့်တက်လာကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်က ယခုလကုန်မှစ၍ အကန့်အသတ်ဖြင့်သာရရှိမည့် မြန်မာငွေကျပ် နှစ်သောင်းတန်ငွေစက္ကူအသစ်အား ဟောင်းနွမ်းငွေစက္ကူများဖြင့် တန်ဖိုးတူလဲလှယ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ယမန်နေ့ ဇူလိုင်လ(၂၃)ရက်နေ့မှစ၍ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် စက်သုံး ဆီအပါအဝင် စားသောက်ကုန်ဈေးနှုန်းများ ရုတ်တရတ်တိုးမြင့်လာသည်ဟု ဈေးဆိုင်ဖွင့်လှစ်လုပ်ကိုင်နေသည့် ကော့ကရိတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ဓာတ်ဆီ၊ ဒီဇယ်ဆီရော ဆန်၊ ဆီ၊ ကြက်သွန် အစစအရာရာပဲ နှစ်ဆနီးပါးလောက်တက်ကုန်တယ်။ ဆိုင်မှာရောင်းဖို့က မြို့တက်ပြီးဝယ်ရတာ ဆိုင်ကယ်ကယ်ရီနဲ့သွားဝယ်ရတော့ ဆီဈေးတက်တာနဲ့ ပိုက်ဆံပိုပေးရတာပဲ၊ သွားတဲ့ လူကိုငှားရတယ်လေ၊ ဒီမှာလည်း မဖြစ်သာလို့ ဈေးကပြန်တင်ရောင်းရတယ် ။ ရှေ့လျှောက်ဘာတွေဖြစ်လာဦးမလဲတော့ လက်ကုန်စိတ်ပူတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက ကော့နွဲကျေးရွာနှင့် ကော့ကရိတ်မြို့ မြောက်ပိုင်းအစွန်တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ပွဲကြောင့် လမ်းများပိတ်ဆို့ကာ သွားရေးလာရေး ခက်ခဲသွားပြီး မြို့ပေါ်မှ ကုန်ပစ္စည်းဝယ်ယူ၍ တဆင့်အရောင်းအဝယ်လုပ်ရသည့်လုပ်ငန်းများ အဆင်မပြေတော့ဘဲ လက်ရှိတချို့ကျေးရွာများတွင် ဆန်ပြတ်လပ်သည်အထိ ဖြစ်နေကြောင်း ဈေးဆိုင်တည်ရောင်းချသည့် ဒေသခံအချို့ကပြောဆိုကြသည်။

ကေအဲန်ယူ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှ ဒေသခံတစ်ဦးကလည်း “ကျမတို့ဘက်ကတော့ စစ်တပ်က ဓာတ်ဆီနဲ့ဆန်ကိုပိတ်ထားတာလေ တောက်လျှောက် ဆန်ဈေးကတက်တာ အခု ဆန်ကြမ်း တစ်အိမ်ကို တစ်သိန်း နှစ်သောင်းဖြစ်ပြီ မကြားဖူးတဲ့ဈေးတွေချည်းပဲ ဈေးတောင်မဝယ်ရဲဘူး ။ ဆိုင်ကယ်တွေ ဖမ်းတော့ပိုဆိုး” ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးပိတ်ဆို့မှုများကြောင့် နယ်ခံများအနေဖြင့် ကုန်ဈေးနှုန်း များကြီးမြင့် သည့်ကြားမှ အသက်ဆက်ရပ်တည်နေရသလို ဆန်အိတ်များသိမ်းဆည်းရမိပါက ပြည်သူ ထံပြန်မပေးဘဲ စစ်ကောင်စီက ယူဆောင်သွားတတ်သည့်အတွက်လည်း လျှို့ဝှက်စွာ သယ်ဆောင်နေရကြောင်း ညောင်လေးပင်ခရိုင်ရှိ ဒေသခံများက ပြောသည်။

ထိုကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမည့်သတင်းကြောင့် လက်ရှိအချိန်ထိ နိုင်ငံခြားငွေလဲလှယ် သည့်ဈေးကွက် တည်ငြိမ်မှုမရှိဘဲ မြန်မာငွေဈေး ဆက်တိုက်ကျ ဆင်းနေသဖြင့် ကျပ်ငွေမြောက်များစွာ လက်ဝယ်ထားရှိသည့် စီးပွားရေး လုပ်ငန်းရှင်များ စိုးရိမ်ပူပန်မှုများရှိလာသလို ထိုင်း-မြန်မာနယ်စပ် ငွေလွှဲလုပ်ငန်းများလည်း ရပ်တန့်ထားရကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ငွေစက္ကူအသစ်ထုတ်ဝေမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ထိုငွေစက္ကူအသစ်အား ဆင်ဖြူတော် တစ်နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး အကန့်အသတ်ဖြင့်သာ လဲလှယ်ရရှိနိုင်မည်ဖြစ်သောကြောင့် ပြည်တွင်းငွေကြေးဖောင်းပွခြင်းနှင့် မြန်မာငွေဈေးကွက်ကို မထိခိုက်စေဘဲ တည်ငြိမ်မှုရှိစေရန် နိုင်ငံခြားငွေစီးဆင်းမှုကို အလေးထားစောင့်ကြည့်နေကြောင်း ပါရှိသည်။