Home သတင်း ကော့ကရိတ်မြို့အနီးတိုက်ပွဲ ဒေသခံ ၅ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်စီး

ကော့ကရိတ်မြို့အနီးတိုက်ပွဲ ဒေသခံ ၅ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်စီး

1002

ဇူလိုင်လ ၂၀ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နှင့် မြို့အနီး တပ်စွဲ ထားသည့် စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်က ယမန်နေ့ ဇူလှိုင်လ ၁၉ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က မြို့တွင်း ရပ်ကွက်များဘက်သို့ လက်နက်ကြီး ပြန်လည်ပစ်ခတ်သောကြောင့် အရပ် သား ထိခိုက် မှု ၅ ဦးခန့်ရှိပြီး နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများရှိကြောင်း ကော့ကရိတ်မြို့ တံတားဦး ရပ်ကွက်နေဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ကော့ကရိတ် မြို့အစွန်တွင် နေထိုင်သည့် ရပ်ကွက်နေပြည်သူများကို KNLA ပူးပေါင်း တပ်များ၏ စစ်ရေးလှုပ်ရှားမှုများအား သတင်းပေးရန် နှင့် လုံခြုံရေးအရ ပူးပေါင်းကူညီတာ မလုပ်ဆောင်လျှင် လက်နက်ကြီးပစ်ခံထိမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့ တိုက်ပွဲ ဖြစ်စဥ်အတွင်း လက်နက်ကြီးဖြင့် အမှန်တကယ်ပစ်ခတ်ခဲ့ခြင်းကြောင့် ယခုလို ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း တံတားဦး ရပ်ကွက်နေ ဒေသခံ အမျိုးသားတစ်ဦးက ယခုလိုပြောသည်။

၎င်းက “၉၇ စစ်တပ်က ရပ်ကွက် အုပ်ကြီးတွေကိုပြောတယ် နင်တို့ ရပ်ကွက်ဘက် PDFတွေ ကရင်အဖွဲ့တွေ ဝင်လာမဲ့ သတင်းကြားရင် တပ်ကိုပြောဖို့ မပြောရင်လက်နက်ကြီး ပစ်ချရင် တာဝန်မယူဘူးလို ပြောထားတာရှိ တယ်။ အခု တိုက်ပွဲဖြစ်တော့ စစ်တပ်က လက်နက်ကြီးကို ရပ်ကွက်တွေထဲ ကျတာ အိမ်တွေ တိုက်တွေ ပြို တယ်။ ၁၂၀ လက်နက်ကြီးကျတာ လူတွေ ထိခိုက်တယ်။ လောလောဆယ် သိရတာတော့ တံတားဦး ရပ်ကွက်က ကျောင်းဆရာမ တစ်ယောက်၊ ကျဘမ်းအလုပ်သမားတစ်ယောက်၊ ပရိဘောဂရုံက တစ်ယောက်၊ နန်းကော်တိုး ရွာဘက်က ၂ယောက်ထိတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ယမန်နေ့က KNLAပူးပေါင်းတပ်များ မြဝတီ အာရှလမ်းကြီးဘေးရှိ ကော့နွဲ ရွာ နှင့် ကော့ကရိတ် မြောက်ပိုင်း မြို့ အစွန်ရှိ တံတားဦးရပ်ကွက်၊ ခနိမ်းမူရပ်ကွက်အပြင် နန်းကော်တိုး ရွာဘက်တွင် အခြေချ တပ်စွဲနေသည့် စစ်ကောင်စီ စစ်ကတုတ်များ နှင့် တိုက်ပွဲဖြစ်ရာတွင် စစ်ကောင်စီတပ်ဘက်တွင် ထိခိုက် သေဆုံးမှုများရှိ ကြောင်း လည်း အဆိုပါ ကော့ကရိတ်ဒေသခံ ကဆက်ပြောသည်။

“ခနိမ်းမူ ရပ်ကွက်နဲ့ တံတားဦးမှာ အလုံးကြီးတွေကျပေါက်တာမှာ ပျဥ်ထောင်အိမ် ၃ လုံးလောက် လက်နက် ကြီးအစမှန်ပြီး တိုက်ခံ အိမ်တစ်လုံးကတော့ ၁၂၀ အလုံးကြီးကျတာပြိုကုန်တယ်။ စစ်တပ် ၉၇ကပစ်တယ်။ လှိုင်ဝကလည်းပစ်တယ်။ သူတို့က ထွက်လာမတိုက်ဘူး။ အမှတ် ၃ စစ်ကတုတ် နဲ့ ရဲအိမ်ယာဝင်းနားက မူလတန်း ကျောင်းအမှတ် ၉ ဘက်မှာက ပြည်သူ့စစ်နဲ့ ရဲတွေ သေတယ်တော့သိရတယ်။ ဘယ်သူမှ အပြင် မထွက်ရဲတော့ ထပ်ဖြစ်နေတာတွေ မသိရသေးဘူး” ဟု ဖြည့်စွက်ပြောသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့အထိ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေပြီး ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ အာရှ လမ်းပိုင်းတစ်လျှောက် သွားလာနေသည့် ကုန်စည်တင်ယာဉ်များ နှင့် ခရီးသည်တင်ကားများ တိုက်ပွဲအခြေ အနေကို ကြည့်ပြီး သွားလာရတာမျိုးရှိကြောင်းလည်း ကုန်ကားမောင်းသူများက ဆိုသည်။

“မနေ့ကတော့ တစ်နေကုန် ကော့ကရိတ်မှာ ပစ်နေတာဆိုတော့ ကားထောက်လိုက် ပစ်သံနားထောင်လိုက် မောင်းလိုက်နဲ့ ကျုံဒိုး အထိ မောင်းဆင်းလာရတယ်။ မြဝတီက ကုန်ကားတွေသိပ်မဆင်းဘူး။ ဆိုင်ကယ်နဲ့ ဒေသခံ ကားတွေလောက်ဘဲ သွားတာ လာတာရှိတယ်” ဟု မြဝတီ-ရန်ကုန် ကုန်စည်ပို့ သည့် ကုန်ကားသမားတစ်ဦး က ကေအိုင်စီ သို့ ပြောသည်။

ယခုဇူလိုင်လ နောက်ဆုံးပတ်အထိ ကရင်ပြည်နယ်အတွင်းရှိ မြဝတီ၊ ဝေါလေ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်း ဆိပ်ကြီး၊ သံတောင် နှင့် ဖာပွန်ဒေသဘက်များတွင် နေ့စဥ် တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်ကောင်စီ ဘက်က လည်း လက်နက်ကြီး အရှိန်မြှင့် ပစ်ခတ်မှုများနှင့် လေယာဥ် ကင်းထောက်ခြင်းများကို ဆက်လက် လုပ်ဆောင် နေကြောင်း KNLA စစ်ရေး သတင်းအရင်း အမြစ်များက ပြောသည်။