Home သတင်း ကရင်နီစစ်ရှောင်စခန်းများ မကြာခန လေယာဉ်ဗုံးကြဲခံရသဖြင့် စစ်ရှောင်ပြည်သူများ စိုးရိမ်စိတ်ဖြင့် အိပ်စက်နေရ

ကရင်နီစစ်ရှောင်စခန်းများ မကြာခန လေယာဉ်ဗုံးကြဲခံရသဖြင့် စစ်ရှောင်ပြည်သူများ စိုးရိမ်စိတ်ဖြင့် အိပ်စက်နေရ

1208
Photo: KnHRG.

ဇူလိုင် ၁၃ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကယား(ကရင်နီ)ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ကောင်စီတပ်က မကြာခန လေယာဉ်လာရောက်ပျံဝဲမှုများ၊ ဗုံးကြဲမှုများ ပြုလုပ်နေသဖြင့် စစ်ရှောင်ပြည်သူများမှာ စိုးရိမ်စိတ်များဖြင့် ညဘက် အိပ်စက်ကာ နေထိုင်နေရကြောင်း ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါစစ်ရှောင်စခန်းများတွင် ညတိုင်းလိုလို စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကိုခံရသဖြင့် စစ်ရှောင်ပြည်သူ များမှာ ညအချိန်၌ စိုးရိမ်စိတ်ဖြင့် အိပ်စက်နေရကြောင်း Ka Nyar Maw Foundation ရဲ့ တာဝန်ခံ Ree Re က ယခုလို ပြောသည်။

သူက “စစ်ရှောင်တွေအနေနဲ့ ညညဆို စိုးရိမ်စိတ်များစွာနဲ့ အိပ်ရတယ်။ ညတိုင်းလိုလို စစ်ရှောင်တွေရှိတဲ့ဖက်ကို လက် နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေရှိတယ်။ အဲ့တာအပြင် လေယာဥ်တွေနဲ့ လာလာကြဲတာပေါ့။ လေယာဥ် လာမကြဲရင် တောင် ပြည်သူတွေကို ခြောက်လှန့်တဲ့သဘောနဲ့ ညသန်းခေါင်ရောက်ရင် ဂျက်လေယာဥ်တွေ ဝဲလေ့ရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်များသည် တော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပစ်မှတ်ထားကာ တိုက်ခိုက် သည်ဟု အကြောင်းပြသော်လည်း လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုင်း စစ်ရှောင်စခန်းများကိုသာ တိုက်ခိုက်မှုများပြီး စခန်းထဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရောနှောနေထိုင်သည်ဟု မှတ်ယူကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း လည်း Ree Re က ဆက်ပြောသည်။

ထိုသို့ စစ်‌ရှောင်စခန်းများတွင် စစ်ကောင်စီတပ်၏ မကြာခန လေကြောင်းသုံးတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ထိခိုက်သေဆုံးသူများရှိနေပြီး စစ်ရှောင်စခန်းမှ လူနေအဆောက်အအုံများ ပျက်စီးမှုရှိကြောင်း နယ်မြေခံသတင်းအ ရင်းအမြစ်ထံမှ သိရသည်။

ကရင်နီပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွား ခြင်းနှင့် တိုက်ပွဲမဖြစ်သည့်နေရာများ၌လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းသုံး တိုက်ခိုက်ခြင်းများကြောင့် လုံခြုံသည့်နေရာမရှိ‌သည့်အပြင် မိုးတွင်းကာလဖြစ်၍ စစ်ရှောင်များမှာ ပိုမိုဒုက္ခရောက်ရ ကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောဆိုသည်။

“သူတို့လက်ခံထားတာက “ကံပဲ” ဆိုတဲ့ စကားလုံးပေါ့။ ခေါင်းပေါ်တည့်တည့်ကျရင်တော့ သေလိုက်ရုံပဲဆိုပြီး ပြော လေ့ရှိကြတယ်။ တစ်ပြည်နယ်လုံး ဘယ်နေရာပဲသွားနေနေ မလုံခြုံဘူး။ ဗုံးခိုကျင်းတွေ တူထားကြတယ်။ တချို့ဆို ဗုံးခို ကျင်းထဲပဲ အိပ်ကြတယ်။ ပြဿနာက မိုးတွင်းဖြစ်တာကြောင့် အောက်မှာဆို တအား အေးတယ်။ ကျင်းထဲဝင်အိပ်ကြ တဲ့သူ တော်တော်များများ ဖျားနာတာတွေရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ရှောင်စခန်းတွင် ကလေးငယ်များ ပိုမို ဖျားနာလာကြပြီး မိုးတွင်းကာလ ဆေးဝါးဝယ်ယူနိုင်ရေး မလွယ်ကူသည့်အတွက် စစ်ရှောင်များမှာ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာများလည်း အတော်ထိခိုက်လာသည်ကို တွေ့ရကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့များက ပြောသည်။

ကရင်နီပြည်နယ်ရှိ ဒီမောဆို၊ ဖရူဆို၊ ဘောလခဲ အပါအဝင် မြို့နယ်အသီးသီးတွင် တိုက်ပွဲများပြင်းထန်လာ‌ပြီး စစ်ရှောင် ဦးရေ တိုးများလာသော်လည်း ကူညီထောက်ပံ့မှု လျော့နည်းလာသဖြင့် အရေးပေါ်အကူအညီများ လိုအပ်နေဆဲဖြစ် ကြောင်း၊ စစ်တပ်က အာဏာသိမ်းမှုဖြစ်စဉ်အပြီး ၂နှစ်ကျော်အတွင်း ကရင်နီတစ်ပြည်နယ်လုံးတွင် စစ်ရှောင်ဦးရေ ၃သိန်းဝန်းကျင်အထိရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)၏ မှတ်တမ်းအရ သိရသည်။