Home သတင်း ခလယ်-တံခွန်တိုင်တိုက်ပွဲတွင် စစ်ကောင်စီမှ အရပ်သား ၂ ဦးကို ပစ်သတ်ပြီး ကျန် ၁၇ ဦးအား ဖမ်းဆီး ခေါ်ဆောင်သွား

ခလယ်-တံခွန်တိုင်တိုက်ပွဲတွင် စစ်ကောင်စီမှ အရပ်သား ၂ ဦးကို ပစ်သတ်ပြီး ကျန် ၁၇ ဦးအား ဖမ်းဆီး ခေါ်ဆောင်သွား

1271
Photo: CJ

ဇူလိုင် ၁၅ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာနှင့် ပူးလိန်ကျေးရွာအနီးတွင်း ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အရပ်သား ၂ ဦးအား ပစ်သတ်သွားကာ လူသားဒိုင်းအဖြစ် ၁၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ပြန်လည်လွတ်မြောက် လာသူအချို့နှင့် နီးစပ် သူများထံမှ သိရသည်။

စစ်ကောင်စီတပ်မှ တံခွန်တိုင်ရဲစခန်းဝင်းရှိ ခြေကုပ်တပ်စွဲထားသည့် ၎င်းတို့တပ်ဖွဲ့ဝင်များထံ သွားရောက် ပူးပေါင်းနိုင်ရန် နောင်းဒေ့၊ ပုလိန်၊ ခလယ်ရွာ အနောက်တောင်ဘက် တောင်ညိုတောင်ခြေမှတစ်ဆင့် ရဲစခန်း ဝင်းသို့ ချဉ်းကပ်ဝင်ရောက်ရာတွင် အရပ်သားများအား လူသားဒိုင်းအဖြစ် ဇူလိုင် ၁၃ ရက်နေ့က စတင် ဖမ်းဆီးခဲ့ပြီးနောက် ဇူလိုင် ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဖက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကာ ၎င်းတို့ထိခိုက် ကျဆုံးမှုများလာသည့်အတွက် အရပ်သားများအား ပစ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“ခရီးသည် အရပ်သားကားကို သူတို့ပစ်တော့ ကားထဲက အမျိုးသား ၂ ဦး ကျည်ထိမှန်လို့ ပွဲချင်းပြီးဆုံးတယ်။ ကျန်တဲ့ ၁၇ ဦးမှာ အမျိုးသမီး ၄ ဦးပါတယ်။ သေနတ်နဲ့ချိန်ရွယ်ပြီးတော့ သူတို့စစ်ကြောင်းတပ်နဲ့အတူ လူသားဒိုင်းလုပ်ပြီး တံခွန်တိုင်ရဲစခန်းဘက်ကို ဝင်ရောက်ဖို့ သူတို့လုပ်တယ်။ နှစ်ဖက်ပစ်ခတ်မှုပြင်းထန်တော့ အရပ်သားတွေကို သူတို့လာတဲ့နေရာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဒီမနက်မှ ၂ ဦး ထွက်ပြေး လွတ်မြောက်လာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာနှင့် မွန်-ကရင်နယ်စပ် တံခွန်တိုင်-အဘစ်လမ်းမ ဘက်သို့ ပြီးခဲ့သည့်ဇွန်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များမှ ကရင်အမျိုးသားအစည်းအရုံး-KNU ဝင်းရေး မြို့နယ် အုပ်ချုပ်မှုနယ်မြေ ဖြစ်သည့် ခလယ်တံခွန်တိုင် ကျေးရွာအုပ်စုများနှင့် တောင်ညိုတောင်ခြေ တစ် လျှောက်တွင် စစ်ကြောင်း ထိုးဝင်ရောက်လာပြီး တံခွန်တိုင်ရွာ ရဲစခန်းဝင်းတွင် ခြေကုပ်တပ်စွဲထားသည့် ၎င်းတို့ တပ်ဖွဲ့ထံသို့ ရိက္ခာ လက်နက်ခဲယမ်းများနှင့် တပ်အင်အားများ ပူးပေါင်းလုပ်ဆောင်နိုင်ရန် လာရောက်ခြင်း ဖြစ်နိုင်သည်ဟု KNU တာဝန်ရှိသူထံမှ သိရသည်။

Photo: CJ

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆ ဦးနှင့်အထက် သေးဆုံနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာ ရသည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကဆိုပြီး KNLA ပူးပေါင်းတပ်ဖွဲ့အနေဖြင့်မူ ထိခိုက်သေးဆုံမှုမရှိကြောင်း KNLAက ပြောသည်။

အဆိုပါ နှစ်ဖက် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်၊ ပုလိန်၊ နောင်းဒေ့၊ တံခွန် တိုင်ရွာလေး၊ မြို့ဟောင်း၊ ခလယ်ရွာလေးနှင့် ဘုရားငါးဆူကျေးရွာနေ ထောင်နှင့်ချီသည့် ဒေသခံများ လတ်တလောတွင် စစ်ဘေး တိမ်းရှောင် နေကြရသည်ဟုလည်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

အလားတူ KNU ဝင်းရေးမြို့နယ် ဝင်းရော်ဒေသရှိ အနန်းကွင်း၊ တောင်စွန်း၊ တံခွန်တိုင်ရွာတွင် စစ်ကောင်စီ တပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်စွဲထားလျှက်ရှိသည့်အတွက် ဒေသခံများ မကြာခဏ စစ်ဘေး တိမ်းရှောင်နေကြရဆဲဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ် အဘစ်ရွာရှိ စစ်ကောင်စီအမြောက်တပ်ရင်းမှလည်း ခလယ်တံခွန်တိုင် ကျေးရွာ အုပ်စု များဘက်သို့ (၁၂ဝမမ)၊ (၁၂၂ မမ) လက်နက်ကြီးများဖြင့် မကြာခဏ လှမ်းပစ်ခတ်လျှက်ရှိသလို ရဟတ်ယာဉ် နှင့်လည်း မကြာခဏလာရောက်ပစ်ခတ်သည့်အတွက် လူနေအိမ်များ ထိမှန်ပျက်စီးလျှက်ရှိပြီး လယ်ယာ လုပ်ငန်းခွင်အားလုံး ရပ်ဆိုင်းထားရကာ ဘေးလွတ်ရာသို့ ယနေ့ထိတိုင် စစ်ဘေးတိမ်းရှောင်နေကြရဆဲဟု ဒေသခံ များထံမှ သိရသည်။