Home သတင်း မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသည့် ကော့ကရိတ်ဒေသခံလူငယ်တစ်ဦး တစ်ပတ်ကြာအထိ ပြန်မလွှတ်သေး

မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသည့် ကော့ကရိတ်ဒေသခံလူငယ်တစ်ဦး တစ်ပတ်ကြာအထိ ပြန်မလွှတ်သေး

959
Photo-Crd

ဇွန်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အဝင် အာရှလမ်းပေါ်တွင် စစ်ကောင်စီတပ်များက ဒေသခံလူငယ် တစ်ဦးအား ပြီးခဲ့သည့် ဇွန်လ(၂၁)ရက်နေ့က မသင်္ကာမှုဖြင့် ဖမ်းဆီးသွားပြီးနောက် ယခုလက်ရှိ အချိန်ထိ ပြန်မလွှတ်သေးဘဲ နယ်မြေရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၂၁)ရက်နေ့က ကော့ကရိတ်-မြဝတီ အာရှလမ်းရှိ ချောင်းတောင် ရွာအနီးတွင် ထီကလေးကျေးရွာနေ အသက်(၂၂)နှစ်အရွယ်ရှိ ဒေသခံအမျိုးသား လူငယ်တစ်ဦးအား စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ပြီးနောက် နယ်မြေရဲစခန်းသို့ အပ်နှံခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“၂၁ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ရက်မှာ သူက သူ့အဖေရှိတဲ့မြဝတီဘက်ကနေ မနက်(၁၀)နာရီလောက် ပြန်ထွက်လာတယ်တဲ့။ ကြားရတာက သူ ဆိုင်ကယ်နဲ့ ပြန်လာတဲ့လမ်းမှာ စစ်သားက စစ်မေးတယ်။ အမဲရောင်ဝမ်းဆက်ဝတ်ထားတာလည်း ပါမှာပေါ့။ ပြီးတော့ သူ့အိတ်ထဲမှာလည်း မုန့်ထုပ်တွေပါလာတာကို ကေအဲန်ယူဘက်ကိုပေးမယ်အထင်နဲ့ ဖမ်းခံရတာလို့ ပြောတယ်။” ဟု ထိုဒေသခံအမျိုး သားက ပြောသည်။

ထိုသို့ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များက အဆက်အသွယ်မရသဖြင့် အသိမိတ်ဆွေများအကူအညီဖြင့် လူမှုကွန်ရက်စာမျက်နှာအချို့တွင် လူပျောက် ကြေညာထားခဲ့သလို ရဲစခန်းနှင့်နီးစပ်သူများ၏ပြောကြားချက်ဖြင့် အဖမ်းခံရကြောင်း သိရပြီးနောက် အာမခံပေးရန် ရဲစခန်းသို့လိုက်သွားခဲ့သော်လည်း တာဝန်ကျရဲ တပ်ဖွဲ့ဝင်က တာဝန်ခံရဲမှူးမရှိသဖြင့် ပြန်လွှတ်ပေး၍မရသေးဟု ပြောဆိုလိုက် ကြောင်း မိသားစုဝင်များနှင့်နီးစပ်သူအမျိုးသမီးတစ်ဦးက ဆိုသည်။

၎င်းက “ကောင်လေးက ဘာနိုင်ငံရေးမှမလုပ်ပါဘူး။ သူ့အဘွားနဲ့အတူနေတာပါ။ ရဲစခန်းကို သွားတွေ့လို့တော့ရတယ်။ လူကြီးမရှိလို့ လွှတ်ပဲမပေး သေးတာလို့ပြောတယ်။ ပြီးတော့ သူက ဗမာစကားလည်း ရေရေလည်လည်မပြော တတ်တော့ မေးတဲ့အချိန်သေချာမဖြေနိုင်လို့ ဖမ်းတာလားပေါ့။ ဖုန်းလည်းဆက်မရ လူကလည်းပျောက်နေဆိုတော့ သူ့အဘွားက သူ့စိတ်နဲ့ဖြစ်နေတယ်။ မြန်မြန်ပြန် လွတ်ပါစေ ဆုတောင်းရတာပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ပြီးခဲ့သည့် မေလအတွင်း ကော့ကရိတ်မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးချုပ် နှောင်ထားသော လူအယောက်လေးဆယ်ခန့် ရှိနေပြီး တစ်ဦးလျှင် ငွေကျပ်သိန်း တစ်ရာပေး၍ ပြန်ရွေးယူခိုင်းကြောင်း ငွေကြေးတတ်နိုင်သောမိသားစုမှ တစ်ဦး နှစ်ဦးသာ အခကြေးငွေပေးသဖြင့် ပြန်လွတ်လာသော်လည်း ကျန်သူများကို ယခုအချိန်ထိ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သူဒေသခံ အချို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၂၁)ရက်နေ့တွင် ကော့ကရိတ်မြို့တောင်ပိုင်း၊ ကမိုင်ကုန်းလမ်းဆုံရှိ ဒေါနအလှရေကူးကန်နှင့် ပုလဲဖြူလူမှုကယ်ဆယ်ရေးရုံးရှေ့၊ သင်္ချိုင်းကုန်းနေရာတွင် တော်လှန်ရေးအင်အားစုများနှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် လှိုင်ဝ အခြေစိုက် စစ်ကောင်စီတပ် ခလရ -၉၇ တပ်ရင်းမှ မြို့အတွင်းသို့ လက်နက်ကြီး‌‌ ပစ်ခတ်တိုက်ခိုက်သဖြင့် ဒေသခံများထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ လက်ရှိ ကော့ကရိတ်-မြဝတီ အာရှလမ်းတစ်လျှောက်တွင် နယ်ခြား စောင့်တပ်(BGF) များ တပ်စွဲ၍စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသလို အနီးနားရှိကျေးရွာများတွင်လည်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားသဖြင့် မော်တော်ယာဥ်နှင့် ခရီးသွားများအပြင် ဒေသခံများလည်း သတိထားသွားလာနေရကြောင်း သိရသည်။