Home သတင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ် ၄ လုံးထိခိုက်ပျက်စီး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ် ၄ လုံးထိခိုက်ပျက်စီး

1269
Photo-KIC

ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့တောင်ပိုင်း‌ရှိ ဆံဖလားကျေးရွာတွင် ယမန်နေ့ည ၁ နာရီ ၅၀ မိနစ်အချိန်က စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သောကြောင့် ကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အမည်မဖော်လိုသူ ရွာသားတစ်ဦးက “ညက ၈ နာရီခွဲ ၉နာရီမှာ လေယာဉ်ပျံနဲ့ လာပတ်သွားတယ်။ ညသန်းခေါင်ကျော် ၁ နာခွဲကျော်မှာလာပြီးပစ်သွားတယ်။ ၁၆ လုံးပစ်ချသွားတာ ၁၅လုံး‌ပေါက်ကွဲတယ်။ ၁လုံးက မပေါက်ကွဲဘူး။ စာသင်ကျောင်း‌ တော့အနည်းငယ်ထိခိုက်ပျက်စီးတာရှိတယ်။ ကျောင်း တိုက်ပုတစ်လုံးက ထိခိုက်ပျက်စီးတာများတယ်။ မနေ့တစ်နေ့ကဆောက်ပြီးတဲ့ ကျောင်းသစ်လည်း အနည်းငယ် ထိခိုက်ပျက်စီးတယ်။ အိမ် ၄ လုံးအနည်းငယ်ပျက်စီးသွားတယ်။”ဟု ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးသီးအများစုမှာ လယ်ကွင်းပြင်၌ ကျရောက်ပေါက်ကွဲသဖြင့် လူထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ စာသင်ကျောင်း ၂ လုံး နှင့်လူနေအိမ် ၄ လုံးသာ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။ မပေါက်ကွဲသေးသည့် ဗုံးသီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့က လာရောက်ကြည့်ရှု ရှင်းလင်းပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Photo-KIC

စစ်ကောင်စီက ယခုလို စာသင်ကျောင်းနှင့် အရပ်သားနေအိမ်များကို ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် ကျောင်းသူ/ကျောင်းသားများ ကျောင်းတက်ပြီး စာသင်ရန် အခက်အခဲဖြစ်နေကြောင်း ကျောင်းဆရာ/ဆရာမများက ပြောသည်။

“အမြဲလာပစ်မယ်ဆိုကျောင်းမှာလည်း စာသင်မရဲ‌တော့ဘူး။ စာသင်မရဲတော့ ရွာက လူကြီးတွေ‌ကျောင်း ကော်မတီတွေနဲ့ တိုင်ပင်ရမယ်။ ဘယ်နေရာဘယ်အိမ်စာသင်မလဲတော့ နောက်မှပြန် စီစဉ်ရမယ်။ အခက်အခဲတော့ရှိတယ်”ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။

အလားတူ ‌စစ်ကောင်စီတပ်သည် မြို့နှင့်ဝေးသည့် ကျေးရွာများတွင် လေယာဉ်ဖြင့် လာရောက် ပစ်ခတ်သည့်ပြင် ကော့ကရိတ်မြို့ အနီးတွင်လည်း လက်နက်ကြီးများအမြဲလိုလိုရမ်းသမ်းပစ်ခတ်ရာ ယနေ့နံနက်ပိုင်းတွင်လည်း အင်ဥသွားရှာသည့်အရပ်သားတစ်ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။