Home သတင်း နတ်သံကွင်းဆေးရုံနှင့် လူနေအိမ်အချို့ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုခံရ၊ ဒေသခံ တစ်သောင်းကျော်ရှောင်တိမ်းနေ

နတ်သံကွင်းဆေးရုံနှင့် လူနေအိမ်အချို့ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုခံရ၊ ဒေသခံ တစ်သောင်းကျော်ရှောင်တိမ်းနေ

647
Photo-KNU

ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံ ကွင်းမြို့အတွင်းသို့ ယနေ့နံနက်ပိုင်းက စစ်ကောင်စီမှ‌ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံနှင့် လူနေအိမ်အချို့ထိခိုက် ပျက်စီးပြီး ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ယနေ့မနက် လေးနာရီဝန်းကျင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်း တပ်များ ရေတွင်းကုန်းကြီးကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် နတ်သံကွင်းမြို့ရဲစခန်းအား သိမ်းယူရန် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက လေကြောင်းအသုံးပြု၍ နတ်သံ ကွင်းရဲစခန်းအနီးအနားသို့ ရမ်းသမ်း ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယခုလိုထိခိုက် ပျက်စီးမှုများရှိလာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Photo-KNU

၎င်းက “မနက် ၄နာရီမှာ ဒရုန်းက လက်နက်ကြီး တစ်လုံးစပစ်ချတာနဲ့ တိုက်ပွဲစဖြစ်တာပဲ။ တံတားနားက ရဲစခန်းနဲ့ တပ်စခန်းကို ပစ်တယ်၊ နောက် ၇ နာရီလောက်မှာ လေယာဉ် တစ်စင်းလာဝဲပြီး နောက်တစ်စင်း လာမှ မြို့ထဲကို ဗုံးကြဲချတယ်၊ သေနတ် တွေနဲ့ပစ်တယ်။ ကျောက်ကြီး နဲ့ နတ်သံကွင်းကြားက စစ် တောင်းမြစ်ကို ဖြတ်တဲ့ တံတားလည်း အဖျက်ခံလိုက်ရတယ်။” ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် နတ်သံကွင်းမြို့ရဲစခန်းအနီးရှိ ဆေးရုံနှင့် လူနေ အိမ်အချို့ ထိခိုက်ပျက်စီးခြင်းအပြင် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုရှိသလို ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံတစ်သောင်းကျော်သည် လက်ရှိတွင် အကူအညီမဲ့နေကြောင်းလည်း ဒေသခံများက ပြောသည်။

ထို့အတူ KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီ ဘက်မှ စစ်ကူလာရာ လမ်းကြောင်းတွင်ရှိသော ကျောက်ကြီးမြို့နှင့်နတ်သံကွင်းမြို့ကို ဆက်သွယ်ထားသည့် စစ်တောင်းမြစ် ကူးတံတားအား တော်လှန်ရေး ပူးပေါင်းတပ်များက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ကေအဲန်ယူ နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “တံတားကိုအရင်ချိုးတယ်လို့ကြားတယ်၊ စစ်ကူမလာနိုင်အောင် ချိုးပြီးမှ ဖြစ်ကြတာ။ တံတား ပျက်စီးပေမယ့် ကားပဲသွားမရတာ၊ လူတွေကတော့ သွားလာလို့ရတယ်။ နတ်သံကွင်းရဲစခန်းကို သိမ်းမရသေးဘူးလို့ ကြားတယ်။ နှစ်ဖက်ထိခိုက်ကျဆုံးလည်းရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

Photo-KNU

အလားတူ အင်အား(၅၀)ကျော်ခန့်ရှိသော စစ်ကောင်စီတပ်များသည် ယမန်နေ့ ဇွန်လ(၅)ရက်နေ့နံနက်က နတ်သံကွင်းမြို့ ရေတွင်းကုန်းကြီးကျေးရွာသို့ ဝင်ရောက် တပ်စွဲနေထိုင်မှုကြောင့် ထိတွေ့တိုက်ပွဲများဖြစ် ပွားလာမည်ကို စိုးရိမ်ထိတ်လန့်သဖြင့် ရေတွင်းကုန်းကြီးရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို အနီးအနားကျေးရွာများရှိ ဒေသခံများလည်း နေအိမ်စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။