Home သတင်း ကုန်ဈေးနှုန်းနှင့်ပစ္စည်းသယ်ယူရေးစရိတ်ကြောင့် နယ်စပ်ဒေသရှိ ဈေးဆိုင်ပိုင်ရှင်များ ဆိုင်လည်ပတ်မှု ခက်ခဲလာ

ကုန်ဈေးနှုန်းနှင့်ပစ္စည်းသယ်ယူရေးစရိတ်ကြောင့် နယ်စပ်ဒေသရှိ ဈေးဆိုင်ပိုင်ရှင်များ ဆိုင်လည်ပတ်မှု ခက်ခဲလာ

583
Photo-KIC

ဇွန်လ ၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ထိစပ်နေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင် ရှိ နယ်စပ်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်အားဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ပိုင် ရှင်များသည် ယခင်ထက် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ကုန်စရိတ်များကြောင့် ဆိုင်လည်ပတ်ရာတွင် အခက်အခဲများတွေ့ကြုံလာရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အစောပိုင်းတွင် မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၁,၇၀၀ ဘတ် လဲလှယ်ရရှိခဲ့သော်လည်း လက်ရှိတွင် ကျပ်ငွေဈေးနှုန်းကျဆင်းသွားပြီး ထိုင်းဘတ်ငွေဈေး နှုန်းမြင့်တက်လာသောကြောင့် မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၁,၂၃၀ မှ ၁,၂၆၀ ဘတ် ဝန်းကျင်သာ လဲလှယ်ရရှိတော့ကြောင်း နယ်စပ်ငွေလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ထိုသို့ မြန်မာငွေဈေးကျဆင်းမှုကြောင့် ပြည်တွင်းမှ ပစ္စည်းများဝယ်ယူရောင်းချလိုသော်လည်း လမ်း တလျှောက်ရှိ နယ်ခြားစောင့်တပ် -BGF စခန်းများသို့ ဂိတ်ကြေးပေးနေရခြင်းနှင့် ပစ္စည်း သယ်ဆောင် ခများပြားခြင်းကြောင့် ပြည်တွင်းမှကုန်တင်သွင်းရန်မှာ အခက်အခဲရှိသလို ထိုင်းဘက်တွင်လည်း ယခင်ကထက်ကုန်ဈေးနှုန်းပိုမိုမြင့်မားလာခြင်းကြောင့် ဆိုင်လည်ပတ်ရောင်းချရာတွင် တွက်ခြေမကိုက်ကြောင်း နယ်စပ်ဒေသ ကုန်မျိုးစုံဈေးဆိုင်ပိုင်ရှင် နန်းလုံးစိန်က ပြောသည်။

၎င်းက “မြန်မာပြည်ဘက်ခြမ်းကို ပြန်ဝယ်ဖို့က ကျမတို့မှာ ကားမရှိဘူး။ မောင်းလည်း မမောင်းတတ်ဘူးဆိုတော့ သူများကားကို ငှား၊ စျေးဝယ်ပြီး ပြန်လာလို့ ကားခ၊ ဂိတ်ကြေးအားလုံးကို ပြန်တွက်ချက်မယ်ဆိုရင် မကိုက်ဘူး။ ထိုင်းဘက်ခြမ်းမှာကလည်း ဂိတ်ကြေး ကုန်ကျမှု မရှိဘူး ဆိုပေမယ့် တစ်နှစ်နဲ့တစ်နှစ်က ကုန်စျေးနှုန်း တက်လာတယ်။ မြန်မာပြည်ပြန်ဝယ်ရင် ဂိတ်ကို ပြန်ဖြတ်လာတော့ ပစ္စည်းရာခိုင်နှုန်းနဲ့ ပေးရတယ်။ ဆယ်ရာခိုင်နှုန်းလောက်ပေးရတော့ ပြန်တွက်ရင် အဆင်မပြေဘူးလေ။” ဟု ပြောသည်။

ထို့အပြင် မြန်မာပြည်တွင်းတွင် စက်သုံးဆီဈေးနှုန်းများနှင့် ကုန်ဈေးနှုန်းများမြင့်တက်လာမှုကြောင့် အရင်းကျန်ရန် ကုန်ပစ္စည်းများအား ယခင်ထက် ဈေးမြှင့်၍ ပြန်လည်ရောင်းချနေရသည့်အတွက် ဈေးဝယ်သူနည်းလာပြီး ဆိုင်လည်ပတ်မှုအဆင်မပြေကြောင်း ပြည်တွင်းမှ ပစ္စည်းများအား နယ်စပ် ဈေးဆိုင်သို့ ဝယ်ယူရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူ ကုန်ခြောက်ဆိုင်ပိုင်ရှင် နော်မူဒါးကလည်း ယခုလိုပြောပြသည်။

Photo-KIC

“ဆီတွေလည်း စျေးတက်သလို အခြားကုန်တွေလည်း စျေးတက်လာတယ်။ အရင်က ရောင်းလို့ နည်းနည်းကောင်းသေးတယ်။ အခုကျ စျေးတက်တော့ အရင်ကလို စျေးရောင်းရတာ အခြေအနေလိုမကောင်းတော့ဘူး။ ကျမတို့ သွားဝယ်ပြီး ပြန်လာရောင်းရင်လည်း အမြတ်က မရှိတော့ဘူး။ ဈေးလာဝယ်တဲ့သူလည်း နည်းလာတယ်။” ဟု နော်မူဒါးက ပြောသည်။

အဆိုပါ ထိုင်း-မြန်မာနယ်စပ်ဒေသရှိ တစ်နိုင်တစ်ပိုင်ဈေးဆိုင်များသည် ပြည်တွင်းမှ ကုန်ပစ္စည်းများအား ကုန်ကားများဖြင့် သယ်ယူပို့ဆောင်ခ စရိတ်စကကြီးမားစွာပေးကာ ဝယ်ယူရောင်းချနေကြရသလို ထိုင်းနိုင်ငံနယ်စပ်ရှိ သောင်ရင်းမြစ်ကိုဖြတ်ကျော်ရန် စက်လှေများ အသုံးပြု၍သော်လည်းကောင်း၊ တဖက်ကမ်းတွင် မော်တော်ယာဥ်များအသုံးပြု၍ သော်လည်းကောင်း အဆင့်ဆင့် သယ်ယူရောင်းချနေကြရသည်။

အလားတူ တောင်ပေါ် နယ်စပ်ဒေသတွင် အဆိုပါ ဈေးဆိုင်များအားအမှီပြု၍ ဝယ်ယူ စားသုံး နေရသော စားသုံးသူများအနေဖြင့်လည်း ယခင်ထက် ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ဝင်ငွေနှင့်ထွက်ငွေ မျှတမှုမရှိဘဲ စားသောက်ရေး အခက်ကြုံနေရကြောင်း နယ်စပ်ဒေသတွင်နေထိုင်သူများထံမှ သိရသည်။