Home ဆောင်းပါး ကရင်နှင့် ဂျပန်ပညာတော်သင် မည်သူစောသနည်း။

ကရင်နှင့် ဂျပန်ပညာတော်သင် မည်သူစောသနည်း။

1576

ကရင်နှင့် ဂျပန်ပညာတော်သင် မည်သူစောသနည်း။

S.မင်းခိုက်သူ (PTN)

(ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်)

ကရင်အမျိုးသားများသည် ၁၈၃၂ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပသို့ ပညာတော်သင် စတင်ရောက်ရှိ ပညာသင်ယူနေကြပြီးဖြစ်သည်။ အင်္ဂလိပ်စာနှင့် ကျမ်းစာဘာသာရပ်တို့ကို အမေရိကန်ပြည်ထောင်စု သို့ သွားရောက်ပညာသင်ယူကြသော ကရင်လူငယ်များမှာ ၁၈၃၂ခုနှစ်တွင် စောချစ်သိုင်း၊ ၁၈၄၇ခုနှစ်တွင် စောစံသာ နှင့် စောဆာနေ၊ ၁၈၆၀ပြည့်နှစ်တွင် စောကာချာနှင့် စောပါကွယ်ထူးတို့ ဖြစ်ကြသည်။ ပြည်ပ ပညာတော်သင်သွားကြ ရာတွင် အထက်ပါလူငယ်များသည် စောတီသံပြာထက်စောသည့် ကရင်လူငယ်များ ဖြစ်ကြသည်။

စောတီသံပြာသည် ၁၈၆၅ခုနှစ်တွင် ပညာသင်ကြားရန် အမေရိကန်ပြည်ထောင်စုသို့ စတင် ထွက်ခွာခဲ့သည်။ ၁၈၆၅ခုနှစ် စောတီသံပြာ အမေရိကန်သို့ ပညာသင်ရောက်ရှိချိန်တွင် ဂျပန်နိုင်ငံကို ပြုပြင်ပြောင်းလဲရန် စတင်ခါစပင် ရှိသေးသည်။ စောတီသံပြာ အပါအဝင် ကရင်လူငယ်များသည် ဂျပန်ပညာတော်သင် ကျောင်းသားများထက် များစွာ စောနေသည်ကို တွေ့ရပါသည်။ သို့အတွက်ကြောင့် အာရှဒေသတွင် ကရင်သည် အစောဆုံး ခေတ်သစ်ပညာကို သင်ယူ နိုင်ခဲ့သော လူမျိုးဟု ဆိုရပါမည်။

ဂျပန်နိုင်ငံ ပြုပြင်မှုကို အတိအကျပြောရလျှင် ၁၈၆၆ခုနှစ်တွင် ဂျပန်ဧကရာဇ်နှင့် ရှောဂုန်နှစ်ယောက် ကွယ် လွန်သည်နှင့် ဝါဒပြောင်းလဲမှုဖြစ်လာပြီး ဂျပန်ဧကရာဇ်အသစ်မှာ မိတ်စုဟိတောဖြစ်၍ မေအိဂျိအမည်ဖြင့် နန်းတက် ပြီး ပြုပြင်ပြောင်းလဲမှုကို စတင်လေသည်။

ဧကရာဇ်ဘုရင်သည် အခြေအနေကို ထိန်းသိမ်းရန် ၁၈၆၈ခုနှစ်တွင် ကတိလေးချက်ကို ထုတ်ပြန်သည်ကို အောက်ပါအတိုင်း တွေ့ရလေသည်။
၁။ အမျိုးသားပြဿနာကို ပြည်သူတို့ အချေအတင်ပြော၍ ဆွေးနွေးတိုင်ပင်ခွင့်ပေးမည်။
၂။ အများအကျိုးငှာ နိုင်ငံရေးနှင့် လူမှုရေးဝါဒသစ်များကို ယူငင်သုံးစွဲမည်။
၃။ ကံကျွေးချစနစ်နှင့် ကန့်သတ်ချက်တို့ကို ဖျက်၍ပေးမည်။

၄။ ဂျပန်ကို ခေတ်ပြောင်းရာ၌ ကမ္ဘာမှ အကောင်းဆုံး အကြံဉာဏ်ကိုတောင်း၍ အတော်ဆုံးလူကို ခေါ်ယူသုံးစွဲမည် ဟူသောကတိများပင် ဖြစ်သည်။
ကျောတောမှ မြို့တော်ကို ယေဒေါသို့ပြောင်း၍ တောကျောဟု အမည်သစ် ပေးလိုက်ခြင်းဖြင့် ခေတ်ဟောင်း ကုန်၍ ခေတ်သစ်ဖြစ်လာခြင်းကို ပြလေ၏။ အုပ်ချုပ်ရေးအဖွဲ့ကို ၁၈၆၇ခုနှစ်ကစ၍ အသစ်ဖွဲ့ရာ မင်းသားများ၊ ကုဂေ ခေါ် နန်းတွင်းသူကောင်းများ၊ ဒအိမျော ခေါ် မြို့စားများနှင့် ရာထူးအဆင့်အလိုက် စမုရအိ ခေါ် သူရဲကောင်းများ ပါဝင် သည်။ အချေအတင် ပြောဆိုတင်ပြသည့် လွှတ်တော်ကိုလည်း ဖွဲ့စည်းပေးသလို ၁၈၇၁ခုနှစ်၌ ကက်ဘိနက်အဖွဲ့ကို လည်း ဖွဲ့စည်းသည်။

အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်နှင့် ဂျာမဏီနိုင်ငံ သွားရောက်လေ့လာပြီးနောက် ဂျာမဏီလက်နက် နိုင်ငံသစ် ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စံနမူနာယူသင့်ကြောင်း အိတောက ထောက်ခံခဲ့၏။ နမူနာယူ၍ အခြေခံဥပဒေ ကို ရေးဆွဲသည်။ ကက်ဘိနက်တွင် ဧကရာဇ်သည် အချုပ်အခြာအာဏာ အရှိဆုံးဖြစ်သော်လည်း ကက်ဘိနက်အဖွဲ့ဝင် တို့ အကြံဉာဏ်အရသာ အုပ်ချုပ်ရသည်။ နိုင်ငံရေးပါတီများအနက် လိုက်လျောညီညွှတ်ရေးပါတီကို အိတဂတိက ၁၈၈၁ခုတွင် တည်ထောင်သည်။ ဩကုမ က ၁၈၈၂ခုတွင် တိုးတက်ရေးပါတီကို တည်ထောင်သည်။ နှစ်ပါတီစလုံးပင် အုပ်ချုပ်ရေးအခြေခံဥပဒေ တည်တံ့ရေးနှင့် ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်စနစ် အောင်မြင်ရေးကို ရှေးရှု ကြောင်း ရေးပြထားသည်။

ထိုအချိန်တွင် စောတီသံပြာသည် အမေရိကန်နိုင်ငံသို့ ပညာသင်ရာမှ ပြန်ရောက်ပြီးနောက် ၁၈၈၁ခုနှစ်တွင် ဒေါကလုကို ဖွဲ့စည်းနိုင်ခဲ့သဖြင့် ပြုပြင်ပြောင်းလဲလာသော ဂျပန်နိုင်ငံ ညီညွှတ်ရေးပါတီနှင့် ခေတ်ပြိုင်ဟုပင် ဆိုနိုင်ပါ သည်။ ထိုစဉ်က စောတီသံပြာ၏ အမြင်နှင့်ကြည့်လျှင် ကရင်ဒေသတစ်ခုခု၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြဌာန်းခွင့် ရရှိခဲ့ မည်ဆိုပါက ယင်းဒေသသည် ခေတ်မှီသော ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာလိမ့်မည်ဟု တွေးမိပါသည်။

ဂျပန်များသည် ရည်ရွယ်ချက်ချင်းတူနေသည်မှာ ဂျပန်လူမျိုးတို့ဝါဒထက် ပုဂ္ဂိုလ်ကို ပို၍ခင်မင်ယုံကြည် ကြောင်း ပြသခြင်းဟု ဆိုပါသည်။ ယင်းပါတီကြောင့် မညီမညွှတ်ဖြစ်ရသည်ဟု အစိုးရက စွပ်စွဲ၍ ၁၈၈၃ခုနှစ်တွင် နိုင်ငံ ရေးပါတီများကို ပယ်ဖျက်လိုက်သည်။ ၁၈၆၈ခုနှစ်၌ ရာဇဝတ်ဥပဒေရုံးကို တည်၏။ ၁၈၈၁ခုနှစ်၌ တရားဌာနကို ဖွဲ့စည်း၏။ ၁၈၈၂ခုနှစ်တွင် ရာဇသတ်ဥပဒေနှင့် ကျင့်ထုံးအသစ်ကို ပြဌာန်းလိုက်သည်။ စနစ်သစ်အရ တရားဌာနနှင့် အုပ်ချုပ်ရေးဌာနကိုခွဲ၍ တရားဌာန၌ ကျွမ်းကျင်ပြီးရှေ့နေများကို ခန့်၏။ ၁၈၉၉ခုနှစ်တွင် တရားမကျင့်ထုံး ဥပဒေကို အနောက်တိုင်းမှ ယူလိုက်ခြင်းဖြင့် ပြုပြင်ရေးပြည့်စုံခြင်းသို့ ရောက်ခဲ့သည်။

အထက်ပါ ဂျပန်၏ ပြုပြင်ပြောင်းလဲမှုကို လေ့လာကြည့်လျှင် တစ်ခါတည်းဖြင့် တည်ငြိမ်မှုကို မရရှိသေးဘဲ နိုင်ငံရေးပါတီများကိုပင် ဖျက်သိမ်းခြင်း၊ ဥပဒေအသစ် ရေးဆွဲခြင်း၊ တရားရုံးဌာန တည်ဆောက်ခြင်း၊ အုပ်ချုပ်ရေးဌာန များကို ရှေ့နေများအပ်နှင်းခြင်း စသည်ဖြင့် လုပ်ဆောင်ရသည်ကို တွေ့ရပြီး ၁၈၉၉ခုနှစ်ရောက်မှ ပြုပြင်ပြောင်းလဲမှု ပြည့်စုံသည်ဟု ဆိုထားပါသည်။ ၃၄နှစ်ပင် ကြာမြင့်ခဲ့လေသည်။ နမူနာယူသင့်ပေသည်။

တစ်ကိုယ်တည်းနေသောဘ၀မှ တန်ခိုးကြီးနိုင်ငံတစ်ခုဖြစ်လာအောင် ဂျပန်တို့ ပြုပြင်ပြောင်းလဲရာ၌ နိုင်ငံရေး သာမက စီးပွားရေးနှင့် ယဉ်ကျေးမှုတွင်လည်း တော်လှန်ပြောင်းလဲခဲ့သည်။ ကံကျွေးစနစ်ကို ဖျက်သိမ်းလိုက်သည်နှင့် ယခင်ကလို လယ်သမားမျိုး၊ ပန်းပဲမျိုး၊ စစ်သားမျိုးဟု ကန့်သတ်ထားခြင်းများ အားလုံးပျက်၍ မည်သူမဆို နှစ်သက်ရာ အသက်မွေးဝမ်းကျောင်းကို လုပ်ခွင့်ရလာ၏။ စက်မှုလက်မှု အလုပ်ကြီးအကိုင်ကြီး စီစဉ်လာကြသည်။ ငွေအားရှိသ လောက် အလယ်အလတ်တန်း လုပ်ငန်းများနှင့် လယ်ယာတွင် ဝင်ရောက်လုပ်ကိုင်ကြ၏။

နှစ်များမကြာမီ ဂျပန်သည် စက်မှုလက်မှု တန်ခိုးကြီးနိုင်ငံ ဖြစ်၍လာပါသည်။ မိတ်စုအိအမျိုးတို့က ဘဏ်များ ကိုတည်ထောင်၍ အစိုးရက ငွေကြေးကူညီခဲ့သဖြင့် အစိုးရကန်ထရိုက်နှင့် မိုနိုပိုလီ ခေါ် တစ်ဦးတည်း ရောင်းဝယ်ခွင့် များကို ရရှိခဲ့၏။ နောက်ဆုံး အထည်ကုန်လုပ်ငန်းကို အုပ်စီမိ၏ မိတ်စုဗိရှိအမျိုးက ၁၈၇၄-၇၅ခုနှစ်များက ဖော်မိုဆာ အရေးတွင် သင်္ဘောတည်ဆောက်ခွင့်ရရှိခဲ့သည်မှစ၍ နောင်အခါ ဂျပန်အတွက် သင်္ဘောတည်ဆောက်ခြင်းနှင့် သင်္ဘော ပစ္စည်းများကို လုပ်ခွင့်ရခဲ့သည်။ စုမိတောမော အမျိုးက သတ္တုတွင်းတူး၏။ အဆောက်အအုံကြီးသော လုပ်ငန်းများ၊ လက်နက်ခဲယမ်းမီးကျောက်လုပ်ငန်းများကို လုပ်ဆောင်ရသည်။ စစ်အင်အား တောင့်တင်းပြီး ခေတ်မှီတိုးတက်လာသ ဖြင့် ဒုတိယကမ္ဘာစစ်တွင် အာရှဒေသအချို့ကို နယ်ချဲ့သိမ်းပိုက်လာနိုင်ခဲ့သည်။

၁၈၆၈ခုနှစ်က ဧကရာဇ်မင်း၏ ကတိအတိုင်း နိုင်ငံခြားမှ အကောင်းဆုံးစနစ်ကိုယူ၍ ပညာရေးကို ပြုပြင်ပါ သည်။ နိုင်ငံခြားသားပညာရှင်များကို ဂျပန်သို့ခေါ်ယူ၍ ကျောင်းနှင့် တက္ကသိုလ်များကို ဖွင့်လှစ်ခဲ့စေ၏။ ဂျပန်ကျောင်း သားထောင်သောင်းများစွာကိုလည်း နိုင်ငံခြားသို့လွှတ်၍ ရာဇဝင်၊ အုပ်ချုပ်ရေးနှင့် အနုပညာများကို သင်စေ၏။ ပညာ ရေးကို အစိုးရက အသေးစိတ် စောင့်ကြည့်၍ ပြုပြင်ပေးသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၌ ပဒေသရာဇ်ခေတ် မင်းတုန်းမင်းကြီးက အနောက်ဥရောပသို့ အယောက် ၉၀ ဝန်းကျင်လောက်သာ ပညာတော်သင် စေလွှတ်နိုင်ခဲ့၍ ဂျပန် နှင့် မည်သို့မျှ နှိုင်းယှဉ်လို့မရချေ။ လွန်စွာ ကွာခြားလှပေသည်။

၁၈၆၈ခုနှစ်မတိုင်ခင် ၁၈၅၂ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွား၍ အင်္ဂလိပ်တို့အား သရက်၊ အောင်လံ အထိ မြန်မာနိုင်ငံအလယ်ပိုင်းကို ပေးလိုက်ရသည်။ ထိုစဉ်က ၁၈၅၃ခုနှစ်၊ ပဲခူးတိုင်းကို အင်္ဂလိပ်တို့အား လွှဲပြောင်းပေး ရာ၌ ကရင်ပညာရေးနှင့် သာသနာပြုကျောင်းပေါင်းမှာ ၅၀ကျော် တည်ထောင်ဖွင့်လှစ် ပညာသင်ကြားနိုင်ခဲ့ပြီးဖြစ် သည်။
တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရန်ကုန်၊ ဧရာ၀တီတို့တွင်လည်း ခေတ်သစ်ပညာရေးကျောင်းကို များစွာ ဖွင့်လှစ်ထားနိုင်ခဲ့ပြီးဖြစ်သည်။ ထိုမျှလောက် ကရင်ပညာရေးကျောင်းများကို ဖွင့်လှစ်သင်ကြားနိုင်ချိန်မှာ ဂျပန်က စာသင်ကျောင်းနှင့် တက္ကသိုလ်ကို စတင် ဖွင့်လှစ်ခါစပင် ရှိပါသေးသည်။

ထို့အပြင် ကရင်များတောင်းဆိုမှုဖြင့် ကောလိပ်ကျောင်းကို ၁၈၇၂ခုနှစ်တွင် စတင် ဖွင့်လှစ်နိုင်ခဲ့သည်။ နှစ်ခြင်း ကောလိပ်ကျောင်းဟု ခေါ်ဆိုသော်လည်း ကရင်များ၏တောင်းဆိုမှုနှင့် ကရင်ကျောင်းသားအများစု ပညာသင်ကျောင်း တက်သောကြောင့် ကရင်ကောလိပ်ဟုပင် ခေါ်ဆိုသိမှတ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဂျပ်ဆင်ကို ဂုဏ်ပြုသောအားဖြင့် ဂျပ်ဆင်ကောလိပ်ဟု အမည်ပြောင်း ခေါ်ဆိုလာခဲ့ကြသည်။

၁၈၈၆ခုနှစ်တွင် မူလတန်းပညာကို စရိတ်နည်းနည်းနှင့် သင်ယူနိုင်လာကြသည်။ သာသနာ ယုံကြည်မှုတွင် တောကုဂ၀တို့က ဗုဒ္ဓသာသနာကို အားပေးခဲ့သည်။ သို့သော် ၁၈၈၆ခုနှစ်ကစ၍ ရှိန်တောကို အစိုးရက နိုင်ငံတော်သာ သနာအဖြစ်ဖြင့် အသိအမှတ်ပြုခဲ့သည်။ ၁၈၇၂ခုတွင် ဗုဒ္ဓသာသနာကိုလည်း ပြန်၍ခွင့်ပြုရာ သာသနာနှစ်မျိုးစလုံးကို လက်ခံသည်။ ၁၈၇၃ခု၌ ခရစ်ယာန်သာသနာလည်း ခွင့်ပြုသည်။ ၁၈၈၉ခုတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် နိုင်ငံတာဝန်ကို မလစ်ဟင်းစေဘဲ ငြိမ်းချမ်းရေးကို မထိခိုက်လျှင် ကိုးကွယ်လိုရာ ကိုးကွယ်ခွင့်ပြုခဲ့လေသည်။

ဂျပန်နိုင်ငံသည် အထက်တွင် ပြဆိုသည့်အတိုင်း ၁၈၆၈ခုနှစ်ရောက်မှ ပညာရေး အပါအဝင် ပြုပြင်ပြောင်းလဲမှု ကိုပြုလုပ်ပြီး ပညာတော်သင်ကိုလည်း စတင်ခဲ့သည်။ ကရင်တို့သည် ၁၈၃၂ခုနှစ်ကတည်းက ပြည်ပ ပညာတော်သင်ကို စတင် သွားရောက်သင်ကြားနေပြီးဖြစ်သည်။ ထိုသို့ သွားရောက်ပညာသင်ကြားနိုင်ရန်မှာလည်း ခေတ်မီသော အခြေခံ ပညာရေးကို ၁၈၂၆ခုနှစ်နောက်ပိုင်းမှ စတင်၍ သင်ကြားလာခဲ့သည့်အပြင် ကျောင်းများစွာကိုလည်း ဖွင့်လှစ်နိုင်ခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် အာရှဒေသတွင် ကရင်လူမျိုးသည် အမေရိကန် ပြည်ထောင်စုနှင့် အနောက်ဥရောပသို့ ပညာတော် သင်သွားရောက်ကြရာ၌ ဂျပန်ထက် ပိုမိုစောနေကြောင်းတွေ့ရပြီး စောတီသံပြာသည်လည်း အာရှပထမကျောင်းသား အဖြစ် အသိအမှတ်ပြုခံရခြင်း ဖြစ်ပါသည်။
S.မင်းခိုက်သူ
ကျမ်းကိုး။ ။
၁။ မြန်မာပြည်ချစ် ကရင်အမျိုးသားခေါင်းဆောင်များ (မောင်စင်ကြယ်)
၂။ ခေတ်ဟောင်းခေတ်သစ် ရာဇဝင်၊ နှစ်စောင်တွဲ (ဒေါက်တာသန်းထွန်း)
၃။ ယုဒသန်၏ ဗိမာန်တော်၊ ရွှေရတုစာစောင် (၁၉၃၂၊ ၁၉၈၂)
၄။ အမျိုးသားနေ့နှင့် အမျိုးသားပညာရေး လှုပ်ရှားမှုသမိုင်း၊ ရွှေရတုအထူးထုတ်၊ ၁၉၇၀ပြည့်။