ဇွန်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသောကြောင့် ကျေးရွာအချို့ ရှိ ဒေသခံပြည်သူများသည် မိုးစပါးများ စိုက်ပျိုးသည့်အချိန်ရောက်လာသော်လည်း စပါးစိုက်ပျိုးရဲကြခြင်း မရှိ သေးကြောင်း သိရသည်။
မြဝတီ မြို့နယ်ရှိ ကော့ကော်၊ မဲ့ပလဲ့၊ ထီးချားရာ အစရှိသည့် ဒေသခံ ကျေးရွာသားများသည် မိုးစပါးကို အဓိက ထား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်နေကြသော်လည်း ယခုနှစ် မတ်လက စစ်ကောင်စီ၊ နယ်ခြားစောင့် (BGF)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားသောကြောင့် လယ်ယာထဲတွင် လက်နက်ကြီးကျည်များကျ ရောက်ထားသည့်အပြင် တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် စပါးစိုက်ပျိုး လုပ်ကိုင်ရန် စိုးရိမ် ကြ ကြောင်း မဲ့ပလဲ့ ဒေသခံ တစ်ဦးက ယခုလိုပြောသည်။
၎င်းက ”အခု မဲ့ပလဲ့ ရွာမှာ စပါးစိုက်သူ လယ်ယာ ပိုင်ရှင်လေးယောက် ငါးယောက်သာ ရှိနေတော့တယ်။ အစက ရွာထဲမှာ လယ်ရှိတဲ့အိမ်တိုင်းလိုလို စပါးစိုက်ကြတယ်။ အခုကနောက်တစ်ခါ ပစ်ကြခတ်ကြရင်း အကုန်လုံး ထားခဲ့ရ၊ ထွက်ပြေးရရင် ကိုယ်ရင်းနှီးထားတာတွေ အကုန်ဆုံးရှုံးမှာကြောက်လို့ မစိုက်ကြတော့ဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါဒေသရှိ ဒေသခံပြည်သူလူထုများသည် စပါးကို အဓိကထားစိုက်ပျိုးသည့်အပြင် ပဲ၊ ပြောင်း စသည့် ရာသီ ပေါ်သီးနှံများကိုလည်း ရာသီအလိုက်စိုက်ပျိုးလုပ်ကိုင်ကြသည်ဟု ဒေသခံများက ပြောသည်။
ဝှေ့ရှမ်းရွာရှိ ဒေသခံ စိုင်းကိုကိုက “ ကျနော်တို့ရွာမှာ ဒီနှစ်မိုးစပါး စိုက်ဖို့အတွက် လယ်သမားတွေ တော်တော် စဉ်းစားနေရတယ်။ တိုက်ပွဲထပ်ဖြစ်အုံးမလား၊ ဒါမှ မဟုတ် လက်နက်တွေကြောင့်ပျက်စီးမလား စိုးရိမ်နေ ကြတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေအတွင်းတိုက်ပွဲ ပဋိပက္ခများကြောင့် ကုန်စျေးနှုန်းများ မြင့်တက် လာသလို လယ်ယာသုံးဓာတ်မြေဩဇာစျေးနှုန်းများလည်း စျေးတက်သွားသည့်အတွက် အချို့ လယ်ယာလုပ် ငန်း လုပ်ကိုင်သူများမှာ သီးနှံပင်များ မစိုက်ပျိုးနိုင်တော့သည်မှာ သုံးနှစ်နီးပါး အထိကြာခဲ့ပြီး ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။
အလားတူ ကော့ကရိတ်မြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်မှ ကျေးရွာများထဲတွင် လက်နက်ကြီးများ မကြာ ခဏ ရမ်းသမ်းပစ်ခတ်သည့်အတွက် ဒေသခံလယ်သမားများသည် လယ်ယာ မလုပ်ကိုင်ရဲကြသလို အချို့လယ် သမားများမှာလည်း တိုက်ပွဲမဖြစ်ပွားသည့် အခြားမြို့နယ်များသို့ စပါးပြောင်းရွေ့ စိုက်ပျိုး နေကြရကြောင်း လည်း ဒေသခံများထံမှ သိရသည်။



















