Home သတင်း သံတောင်မြို့နယ်အတွင်း ဆန်သယ်ဆောင်ခွင့်ပိတ်ထားသောကြောင့် ဒေသခံများစားနပ်ရိက္ခာခက်ခဲလာ

သံတောင်မြို့နယ်အတွင်း ဆန်သယ်ဆောင်ခွင့်ပိတ်ထားသောကြောင့် ဒေသခံများစားနပ်ရိက္ခာခက်ခဲလာ

722
riceNews
Photo-CJ

ဇွန်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် သံတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဆန်သယ်ဆောင်ခွင့်ပိတ်ထားသည့်အတွက် စစ်ရှောင်လူထုအပါအဝင် ဒေသအတွင်းရှိ ဒေသခံများလည်း စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့လာရသည်ဟု ဒေသခံထံမှ သိရသည်။

သံတောင်မြို့၏ အဓိက ရိက္ခာသယ်ဆောင်သည့်လမ်းကြောင်းဖြစ်သည့် တောင်ငူ-သံတောင်-လိပ်သို၊ သံ တောင်ကြီး၊ ဘောဂလိမြို့များကို ဆက်သွယ်ထားသော လမ်းကြောင်းပေါ်တွင် စစ်ကောင်စီတပ်မှ ပြီးခဲ့ သည့် မတ်လကုန်ပိုင်းမှစ၍ ယခုအချိန်ထိ ဆန်နှင့် ဆေးဝါးသယ်ဆောင်ခွင့်ပိတ်လိုက်သည့်အတွက် ဒေသခံလူထုများသည် စားနပ်ရိက္ခာ ပိုမိုကြပ်တည်းလာသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

ဒေသခံတစ်ဦးက “ တောင်ငူမြို့ကနေ ထွက်ကတည်းက ဘာဆန်မှ သယ်ခွင့်မပေးဘူး။ တချို့ကတော့ ကြိုဝယ်ထားတာရှိတော့ အဆင်ပြေတယ်။ မဝယ်ထားတဲ့လူတွေက ဒုက္ခရောက်တာပေါ့။ ဆန်နဲ့ဆေးဝါး သယ်ဆောင်ခွင့်ပိတ်တာ ၁ လကျော်ပြီးပေါ့။ စစ်ရှောင်တွေလည်းအခက်အခဲဖြစ်တယ်၊ စစ်ရှောင် မဟုတ်တဲ့ ဒေသအတွင်းရွာကလူတွေလည်း အခက်အခဲဖြစ်တယ်။ အခုဆိုရင် သံတောင် ၁၃မိုင်မှာ ကားတောင် မသွားတော့ဘူး” ဟု ကေအိုင်စီသို့ပြောသည်။

သံတောင်မြို့နယ်အတွင်းရှိ နေထိုင်သည့်ဒေသခံအများစုသည် ဥယျာဉ်ခြံလုပ်ငန်းဖြင့် အဒိက အသက်မွေးဝမ်းကျောင်းပြုကြပြီး စပါးစိုက်ပျိုးသူနည်းပါးသည်ဟု သိရသည်။ ယခင်နှစ်တွင်လည်း ဒေသတွင်း တိုက်ပွဲကြောင့် စပါးစိုက်ပျိုး၍ မရသည့်အတွက် တောင်ငူမြို့တွင် ဆန်ရိက္ခာများ သွားရောက်ဝယ်ယူ စားသုံးနေကြရသည်ဟု ဒေသခံများက ပြောသည်။

နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်များကို ရိက္ခာများထောက်ပံ့၍ မရစေရေးအတွက် ဆန်နှင့် ဆေးဝါးများ သယ်ဆောင်ခွင့်ကို စစ်ကောင်စီက ယခုလိုတားမြစ်ပိတ်ပင်သော်လည်း ဒေသခံများကိုသာ ပိုမိုထိခိုက်နေကြရကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် တောင်ငူမှ သံတောင်မြို့နယ်အတွင်းဝင်လာသည့် လမ်းကြောင်းပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများတင်းကြပ်စွာလုပ်ဆောင်နေသလို သံတောင်(၁၃)မိုင်မြို့ထဲရှိ ရပ်ကွက်တွင်လည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိသည်ဟု သိရသည်။ တိုက်ပွဲကြောင့် စစ်ရှောင်နေသည့် ဒေသခံနေအိမ်တချို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ -PDFများ ခိုအောင်းနေဟုဆိုကာ နေအိမ် မီးရှို့ဖျက်ဆီးမှုလည်း မကြာခဏလုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် သံတောင်မြို့ထဲရှိ လူနေရပ်ကွက်နှင့်အနီးအနားကျေးရွာများတွင် စစ်ကောင်စီတပ်မှ လက်နက် ကြီးနှင့် မကြာခဏပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ပိုမိုများပြား လာသည့်အတွက် လက်ရှိတွင် သောင်းနှင့်ချီသည့် ဒေသခံများသည် အခြားမြို့နှင့် တောထဲတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။