Home သတင်း လဝကရုံးပစ်ခတ်ခံရပြီးနောက် လောင်းလုံးဒေသခံများ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံနေရ

လဝကရုံးပစ်ခတ်ခံရပြီးနောက် လောင်းလုံးဒေသခံများ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံနေရ

254
Photo-CJ

ဇွန်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက) ပြီးခဲ့ သည့် မေလ ၂၃ ရက်နေ့တွင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဝင်ရောက် တိုက်ခိုက်မှုကို ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံများကိုအကြောင်းပြချက်မရှိဘဲ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း လောင်းလုံးမြို့ခံများ က ပြောသည်။

လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး တိုက်ခိုက်ခံရမှုတွင် ရုံးဦးစီးအရာရှိ တစ်ဦး သေဆုံး သွားခဲ့ပြီးနောက် ၎င်းအနီး ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မှ ဝင်ရောက်စစ် ဆေးမှုများ ပြုလုပ်ပြီး မသင်္ကာသူများကို ဆက်တိုက် ဖမ်းဆီးနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် လောင်းလုံး မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“အဲ့ဒီပစ်ခံထိတဲ့ရက်ကစပြီးတော့ စစ်နေတာ ဆက်တိုက်ပဲ။ လူငယ်လူကြီး သူတို့မသင်္ကာရင် အကုန်ဖမ်းတယ်ရပ်ကွက်တွေထဲမှာရော။ အခုထိတော့ ပြန်မ လွှတ်လာကြသေးဘူးလို့တော့ သိရတယ်။ ဖမ်းခံထိတဲ့ သူတွေကလည်း ဘာမှမဆိုင်တဲ့သူတွေ ကြီးပဲ။ လိုက်ရမ်းပြီးဖမ်းနေတာပေါ့။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လောင်းလုံးမြို့ရှိ ရပ်ကွက် (၄)ရပ်ကွက်စလုံးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ညအချိန်များတွင် ဧည့်စာရင်း အကြောင်းပြချက်ဖြင့် ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီး မှုများပါပြုလုပ်ခြင်းဖြစ်ပြီး ယနေ့အချိန်အထိ ဖမ်းဆီးခံထားရသူ လူဦးရေ(၂၀)ကျော်ရှိပြီးဖြစ်ကြောင်းလည်း အဆိုပါ မြို့ခံက ဆက်ပြောသည်။

ထိုသို့ လိုက်လံ စစ်ဆေး ဖမ်းဆီးရာတွင်လည်း ရပ်ကွက်လူနေအိမ်အတွင်းရှိ ငွေကြေး များ အပြင် တန်ဖိုးရှိ ပစ္စည်းများကိုပါ သိမ်းယူမှုများ ပြုလုပ်နေသောကြောင့် မျက်မြင်တွေ့ ရှိသည့် လောင်းလုံး မြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက“ပြီးခဲ့တဲ့ရက်က ရပ်ကွက်တွေထဲမှာ စစ်တပ်ကဧည့်စာရင်းလိုက်စစ်တယ်။ ပြီးတော့ ညဘက်ကြီး လူတော်တော် များများဖမ်းခံမိတယ်။ အခုထိတော့ ပြန်မလွတ်လာသေးဘူး။ တချို့အိမ်တွေဆို ပိုက်ဆံတွေတောင် ပါသွားတယ်။ ထင်တာတော့ (လ၀က) ရုံးပစ် ခံရတော့ အခုလို ကြောက်အောင် လိုက်လုပ်နေတာ ဖြစ်မယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

လောင်းလုံးမြို့အနီးကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသော်လည်း ယခုလို မြို့ပေါ် ရှိ စစ်ကောင်စီ ထိန်းချုပ် အခြေစိုက်ရာရုံးများ တိုက်ခိုက်မှု ဖြစ်စဉ်သည် ပထမဦးဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး ၎င်းတိုက်ခိုက်မှုကို ထားဝယ်ပြောက် ကျားတပ်ဖွဲ့ (Guerrilla Dawei) က လုပ်ဆောင်ခဲ့ကြောင်း မေလ ၂၄ရက်နေ့က သတင်းထုတ်ပြန်ထား သည်။

လတ်တလောတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လောင်းလုံးမြို့ပေါ်တွင် လုံခြုံရေး တင်းတင်းကြပ်ကြပ် ချမှတ်စစ်ဆေးနေဆဲဖြစ်ပြီး မသင်္ကာသူများကိုလည်း ဆက်လက် ဖမ်းဆီးမှုများ ပြုလုပ်နေသေးကြောင်း မြို့ခံများက ဆိုသည်။