Home သတင်း အွန်လိုင်းဖြင့် လူလိမ်ခေါ်ပေးရာတွင် အင်္ဂလိပ်ဘာသာစကားကို ပြောင်းလဲအသုံးပြု၍ ခေါ်ယူနေ

အွန်လိုင်းဖြင့် လူလိမ်ခေါ်ပေးရာတွင် အင်္ဂလိပ်ဘာသာစကားကို ပြောင်းလဲအသုံးပြု၍ ခေါ်ယူနေ

805
Photo: CJ

မေလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး၊ နယ်ခြားစောင့်တပ် (BGF)ထိန်းချုပ်ရာ ရွှေကုက္ကိုလ်ဒေသတွင် ယခုနှစ်ပိုင်းမှစ၍ အွန်လိုင်းစနစ်ဖြင့် လူလိမ်ခေါ်ခိုင်းရာတွင် တရုတ်ဘာသာအစား အင်္ဂလိပ်ဘာသာစကားကို ပြောင်းလဲအသုံးပြု ခေါ်ယူနေရကြောင်း လူခေါ်ပေးသည့် အလုပ်သမားများနှင့် နီးစပ်သူများထံမှ သိရသည်။

ယခင်က အဆိုပါ အွန်လိုင်းစနစ်ဖြင့် လူလိမ်ခေါ်ရာတွင် အနယ်နယ်အရပ်ရပ်မှ အမျိုးသမီးများကို ကာစီနိုရုံ၌ အလုပ်လုပ်ရန် တရုတ်ဘာသာစကားဖြင့် ခေါ်ယူခဲ့ရသော်လည်း လက်ရှိတွင် တရုတ်နိုင်ငံအတွင်းအထိ သတင်း ပေါက်ကြားမှုများရှိခဲ့သောကြောင့် အင်္ဂလိပ်ဘာသာစကားကို ပြောင်းလဲအသုံးပြုပြီး ခေါ်ယူနေရကြောင်း အလုပ်သမားနှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

“ဒီနှစ်ကစပြီး တရုတ်လိုလိမ်လို့မရတော့ဘူး။ အင်္ဂလိပ်လိုပြောပြီး လိမ်ရတယ်။ ဘာလို့လဲဆိုတော့ တရုတ် ပြည်ကလူတွေက သိကုန်ပြီးလေ။ အခုက English တွေဘက်ကို တခြားနိုင်ငံသားတွေကို လိမ်နေရတယ်။ သူတို့ တိုက်နဲ့ သူတို့ရှိတယ်။ ကာစီနို ဂိမ်းရုံနဲ့နေရာမတူဘူး။ အခု မြန်မာ-တရုတ်တွေ အလုပ်သိပ်မခေါ်ကြတော့ဘူး။ တရုတ်အစစ်နဲ့ အင်္ဂလိပ်စကားပြောတတ်တဲ့သူလောက်ပဲ ခေါ်တော့တာ။ မြန်မာ-တရုတ်တွေ ရှိတော့ရှိတယ်။ ကိုယ်ပိုင်ဆိုင်ခန်းတွေနဲ့ အခုနောက်ပိုင်းတော့ တရုတ်အစစ်နဲ့ အင်္ဂလိပ် စကားပြောသမားတွေပဲခေါ်တော့တာ”ဟု ကေအိုင်စီ သို့ပြောသည်။

ထိုသို့ အွန်လိုင်းစနစ်ဖြင့် လူလိမ်ခေါ်ယူပေးနေရသည့် အလုပ်သမားများကို တစ်လလျှင် အမျိုးသမီး (၁၀)ဦးခန့် ခေါ် ဆောင်ခိုင်းကာ လူဦးရေမပြည့်လျှင် နယ်ခြားစောင့်(BGF) တပ်သားများက နှိပ်စက်ရိုက်နှက်မှုများ ပြုလုပ်နေကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသည့် လူငယ်တစ်ဦးထံမှ သိရသည်။

ထို့အပြင် ရွှေကုက္ကိုလ်ဒေသအပြင်ဘက်ခြမ်းတွင် နိုင်ငံခြားသားများကို အွန်လိုင်းစနစ်ဖြင့် ဂိမ်းဆော့ရန်ခေါ်ယူ သည့် နေရာတွင်လည်း အလုပ်ချိန် ည ၈ နာရီမှနံနက် ၆ နာရီအထိ သတ်မှတ်ထားပြီး မိမိကိုယ်ပိုင် လက်ကိုင် ဖုန်းများကို အလုပ်ချိန်အတွင်း အကန့်အသက်ဖြင့််သာ အသုံးပြုနေရသည်ဟု အလုပ်သမားအမျိုးသမီးတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ပြောသည်။

၎င်းက “ညဘက်ဆိုရင် ၈ နာရီကနေ မနက် ၆ နာရီအထိ အလုပ်လုပ်ရတယ်။ အဲ့ဒီအလုပ်စတာနဲ့ တရုတ်တွေက သူတို့ရဲ့ ဖုန်းတွေထုတ်ပေးတယ်။ အလုပ်သမားရဲ့ ဖုန်းတွေကို အကုန်သိမ်းလိုက်တယ်။ နားချိန် နာရီဝက် တစ်ခါပေးတယ်။ အဲ့ကျမှ သူတို့ဖုန်းပြန်သုံးပေါ့။ ပြီးမှ အွန်လိုင်းဂိမ်းဆော့မို့ နိုင်ငံခြားသားတွေကို မရရ အောင်ခေါ်ရတယ်။ တကယ်လို့မရရင် ပိုက်ဆံအပိုမရဘူးလို့ သိရတယ်။”ဟု ပြောသည်။

ထို့အတူ နိုင်ငံခြားသားများကို အွန်လိုင်းစနစ်ဖြင့် ဂိမ်းဆော့ရန်ခေါ်ယူသည့် လုပ်ငန်းတွင် ၁ လ အစမ်းခန့်ကာလ ပြုလုပ်ပြီး ကြိုက်နှစ်သက်မည်ဆိုပါက ၃ လစာချုပ်ချုပ်ဆိုကာ တစ်လလျှင် ဘတ်ငွေ (၁၅,၀၀၀) ခွဲအထိ ပေးနေ ကြောင်းလည်း အဆိုပါ အမျိုးသမီးတစ်ဦးနှင့်် နီးစပ်သူက ကေအိုင်စီသို့ ဆက်ပြောသည်။

“အဲ့ကိုဝင်ဝင်ချင်း ၁ လအစမ်းလုပ်ကြည့်လို့ရတယ်။ တကယ်လို့ကိုယ်က စိတ်ဝင်စားတယ်ဆိုရင် တရုတ်တွေနဲ့ ၃ လစာချုပ်ချုပ်ရတယ်။ အစမ်း ၁ လက လစာ ဘတ် ၈ ထောင်ပေးတယ်။ အလုပ်ကိုကြိုက်ပြီး လုပ်တော့မယ် ဆိုရင် ဘတ် ၁၅,၀၀၀ ခွဲပေးတယ်။ ၃ လစာချုပ်မပြည့်မချင်း ဘယ်မှထွက်လို့မရဘူးလို့ ပြောတယ်။” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ ရာထိုင်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holding Group) ကုမ္ပဏီနှင့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် နယ်မြေခံ (BGF)တို့ ပူးပေါင်း၍ မြန်မာရာထိုင်ရွှေကုက္ကိုလ်အထူး စီးပွားရေးဇုန်အနေဖြင့် မြဝတီမြို့၏ မြောက်ဘက် ဆယ်မိုင်ခန့်အကွာရှိ ရွှေကုက္ကိုလ်ဒေသတွင် ရွှေ ကုက္ကိုလ်မြို့သစ်စီမံကိန်းကို တရားဝင်ပုံစံ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အလားတူ လတ်တလောတွင် နယ်ခြားစောင့်တပ်(BGF)တပ်များနှင့် ရပ်ကွက်လူကြီးများ ပူးပေါင်း၍ ရွှေကုက္ကိုလ်ဒေသ ကျေးရွာများတွင် မဲနှိုက်စနစ်ဖြင့် တပ်သားသစ်စုဆောင်းခြင်း၊ အတင်းအဓမ္မငွေကြေး ကောက်ခံခြင်းအပြင် ဒေသခံရွာ သားများကို ဖမ်းဆီးချုပ်နှောင်မှုများရှိနေပြီး တရားမဝင်လူကုန်ကူးခံရသည့် ဖြစ်စဉ်များလည်း အများအပြား ပေါ်ပေါက် နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။