Home သတင်း လောင်းလုံး လဝက ရုံးပစ်ခတ်ခံရပြီးနောက် မြို့တွင်းစစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်

လောင်းလုံး လဝက ရုံးပစ်ခတ်ခံရပြီးနောက် မြို့တွင်းစစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်

483
Photo: Crd.

မေလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့၏ ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြို့တွင်းစစ်ဆေးမှုများ တင်းကြပ်လိုက်ကြောင်း လောင်းလုံးမြို့ခံများထံမှ သိရသည်။

လောင်းလုံးမြို့၊ မိန်းလမ်းမပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးကို ယမန်နေ့ မေလ၂၃ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ရုံး အတွင်းရှိ ဒုဦးစီးမှူးတစ်ဦးသေဆုံးခဲ့သောကြောင့် စစ်ကောင်စီဘက်မှ မြို့တွင်း မြို့ပြင် စစ်ဆေးဖမ်း ဆီးမှုများ တင်းတင်းကြပ်ကြပ်ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “သေနတ်သံတွေတော့ကြားတယ်။ ပြီးတော့မှ လဝက ရုံးပစ်ခံထိတာလို့ သိရတယ်။ ပြီးတော့ စစ်တပ်ဘက်က ဂိတ်ချပြီးတော့ စစ်ဆေးနေတာတွေတော့ ရှိတယ်။ ဒါပထမဦးဆုံးပဲ အခုလို လဝက ရုံး ကို ပထမဦးဆုံး ဝင်ပစ်တာက။ နောက်ပြီးတော့ ဒေသခံ ၄ ယောက် ဖမ်းခံထိတယ်။ ဘာမှမဆိုင်ဘဲနဲ့။” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: Crd.

အဆိုပါ လဝကရုံးပစ်ခတ်မှုကို မည်သည့် အဖွဲ့အစည်းက ပြုလုပ်ခြင်းဖြစ်ကြောင်း မသိရှိရသော်လည်း လတ်တလောတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ကြားနှစ်ဖက်စစ်ရေး တင်းမာလာဖွယ်ရှိနေပြီး စစ်ကောင်စီဘက်မှ အရပ်ဝတ်များနှင့် အင်အားဖြည့်တင်းလျက်ရှိနေကြောင်း လောင်းလုံးမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

လောင်းလုံးမြို့အနီးကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသော်လည်း ယခုလို မြို့ပေါ် ရှိ စစ်ကောင်စီ ထိန်းချုပ် အခြေ စိုက်ရာ ရုံးများ တိုက်ခိုက်မှု ဖြစ်စဉ်သည် ပထမဦးဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကိုမူ သတင်း ထုတ်ပြန်ထားခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း တွေ့ရသည်။