Home သတင်း မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် ဒေါ်လာ(၁၇)သန်း နီးပါးရှိ အကူအညီများ ထပ်တိုးပေးအပ်မည်ဖြစ်ကြောင်း အမေရိကန်ပြော

မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် ဒေါ်လာ(၁၇)သန်း နီးပါးရှိ အကူအညီများ ထပ်တိုးပေးအပ်မည်ဖြစ်ကြောင်း အမေရိကန်ပြော

507
Photo: WFP

မေလ ၂၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

အမေရိကန်ပြည်ထောင်စုက မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အကူအညီ လိုအပ်နေသော မြန်မာပြည်သူငါးသန်းကျော်အတွက် ဒေါ်လာ(၁၇)သန်းနီးပါး တန်ဖိုးရှိသော လူသားချင်းစာနာထောက်ထားရေးအကူအညီများ ထပ်တိုးပေး အပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ-USAID မှတဆင့် မေလ(၂၃)ရက်နေ့က ထုတ်ပြန်ကြေညာသည်။

အမေရိကန်အနေဖြင့် အဆိုပါထောက်ပံ့မှုအား မုန်တိုင်းပြီးဆုံးပြီးနောက် အရေးပေါ် ပေးအပ်ခဲ့သော ကနဦးထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ နှစ်သိန်းအပြင် ထပ်တိုးပေး အပ်ခြင်းဖြစ်သလို ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများ၏ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက်အပါအဝင် အရေးပေါ်ဆေးဝါးများ၊ သန့်ရှင်းရေရရှိမှုနှင့် အရေး ပေါ်ကယ်ဆယ်ရေးပစ္စည်းများ အစရှိသည်တို့အတွက် ထပ်တိုးထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း USAID ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ လူသားချင်းစာနာထောက်ထားရေးအတွက် ထပ်တိုးထောက်ပံ့မှုအား မြန်မာနိုင်ငံအတွင်း မုန်တိုင်းဒဏ်သင့်ဒေသများရှိ USAID ၏ မိတ်ဖက် အဖွဲ့အစည်းများမှတဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထိုသို့သော အကူအညီများ ချက်ချင်းပေးအပ်မှုအပြင် မြန်မာနိုင်ငံရှိ USAID ၏ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မုန်တိုင်းဖြစ်ပေါ်ရန်ဦးတည်နေသည့် ကာလအတွင်း အရေးပေါ်စားနပ်ရိက္ခာများ၊ မုန်တိုင်းဘေးရှောင်မိသားစုများအတွက် အရေးကြီးသော အမိုးအကာများနှင့်အရေးပေါ်ကယ်ဆယ်ရေးစခန်းများ၊ ဆေးဝါးနှင့် ကယ်ဆယ်ရေးအဖွဲ့များ ထားရှိခြင်း၊ အကဲဖြတ်မှု၊ တုန့်ပြန်မှုများလုပ်ဆောင်၍ အားကောင်းသော သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးအဖွဲ့များ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန်သည် ၂၀၁၇ခုနှစ်၊ ဩဂုတ်လမှစတင်၍ မြန်မာနိုင်ငံရှိ ယုံကြည်စိတ်ချရ သောအဖွဲ့အစည်းများသို့ ဒေါ်လာသန်း ၄၀၀ ကျော်အား ကူညီထောက်ပံ့ပေးနေပြီး မြန်မာနိုင်ငံအတွင်းမှ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အလှူရှင်များအား ဦးဆောင်သူဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အရေးတကြီး အကူအညီများပေးအပ်ရန် မြေပြင်ရှိ USAID ၏ မိတ်ဖက်အဖွဲ့များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဝင်ရောက်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့မှ ပြည်သူအများအပြား အသက်အိုးအိမ်ပျက်စီးဆုံးရှုံး၊ ထိခိုက်နစ်နာမှုများ ခံစားခဲ့ရပြီး အမျိုးသားညီညွတ်ရေး အစိုးရ-NUG ကလည်း ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည့် ရခိုင်ပြည်နယ်အတွက် အရေးပေါ် ထောက်ပံ့မှုအဖြစ် မြန်မာကျပ်ငွေ သိန်းတစ်ထောင်ကို ထောက်ပံ့ခဲ့သလို အခြားတိုင်း ဒေသကြီးများအတွက် လိုအပ်သောအကူအညီများအား သက်ဆိုင်ရာမှတဆင့် ထောက်ပံ့ပေးလျက်ရှိကြောင်း မေလ(၂၂)ရက်နေ့က ထုတ်ပြန်ထားသည်။