မေလ ၂၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ တပ်မဟာ(၇)၊ ဖားအံခရိုင် နဘူးမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်အတွင်း တိမ်းရှောင်လာသည့် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်များမှ စစ်ရှောင်များသည် စစ်ရှောင်ကာလကြာလာသည့်အတွက် စားနပ်ရိက္ခာအခက်အခဲရှိလာသည်ဟု ဒေသအတွင်း စစ်ရှောင် ကူညီသူထံမှ သိရသည်။
ပြီးခဲ့သည့် လအနည်းငယ်က နယ်မြေတွင်း ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် တိမ်းရှောင်လာသော အဆိုပါ စစ်ရှောင်ပြည်သူများသည် လက်ရှိတွင် စားနပ်ရိက္ခာအပြင် နေရာထိုင်ခင်းနှင့် ဆေးဝါး အခက်အခဲများရင်ဆိုင်ကြုံတွေ့နေရသည်ဟု ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများ ဆိုင်ရာကော်မတီ -CIDKP( Committee for Internally Displaced Karen people) ထံမှသိရသည်။
CIDKP ၏ ဒုတိယဒါရိုက်တာ စောခဲလေက “နေထိုင်ဖို့နေရာ၊ အစားအသောက်၊ ဆေးဝါး၊ အဝတ်အစားတွေ လိုအပ်တယ်။ နောက်ပိုင်းကျရင် စစ်ဘေးရှောင်တွေ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် ပံ့ပိုးကူညီမှုတွေလည်း လိုအပ်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲအနည်းငယ်ငြိမ်လာသော်လည်း အချို့သည် နေရပ်သို့ ပြန်လည်နေထိုင်ရန် လုံခြုံမှုမရှိသေး၍ ဖားအံခရိုင်ထဲတွင် ဆက်လက်တိမ်းရှောင်နေရသည့် အိမ်ထောင်စု ၂၀၀ ဝန်းကျင်ခန့်ရှိသေးကာ ထိုစစ်ရှောင်များအတွက် မိုးတွင်းကာလတွင် နေရာထိုင်ခင်းအခက်အခဲရှိလာကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။
ထို့အပြင် တိမ်းရှောင်လာသည့် စစ်ဘေးရှောင်အချို့သည် နီးစပ်ရာအသိမိတ်ဆွေနှင့် ဆွေမျိုးရှိရာ ကျေးရွာများတွင် သွားရောက်တိမ်းရှောင်နေထိုင်ကြသည့်အတွက် လူဦးရေစာရင်းအတိအကျ စုဆောင်း၍ မရရှိသဖြင့် စားနပ်ရိက္ခာသွားရောက်ကူညီထောက်ပံ့ပေးရသည့်အခါတွင်လည်း အခက်အခဲကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
“ကျနော်တို့ အဆင်မပြေဘူး၊ ဘာမှလည်း လုပ်ကိုင်စားစရာမရှိဘူး။ တချို့အကြော်ကြော် ရောင်းတတ် တဲ့သူတွေက ကြော်ရောင်းတယ်။ တချို့ကျတော့ ဒီအတိုင်းပဲဟိုလုပ်ဒီလုပ် လုပ်ရတာပေါ့။ အခုလို လှူဒါန်းပေးတဲ့အဖွဲ့တွေကိုလည်း ကျေးဇူးတင်တယ်။”ဟု ကော့ကရိတ်မြို့နယ်မှ စစ်ရှောင်လာသည့် ဦးအောင်မိုးက ကေအိုင်စီသို့ပြောသည်။
ဖားအံခရိုင်တွင်းသို့ စစ်ရှောင်လာသည့် စစ်ဘေးရှောင်များအား နယ်မြေခံကေအဲန်ယူကလည်း ဆန်ရိက္ခာများ သွားရောက်လှူဒါန်းပေးခြင်းရှိသလို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးခြင်း၊ မိုးတွင်းကာလအတွက် နေရာထိုင် ခင်းများစီစဉ်ပေးခြင်းနှင့် ငှက်ဖျားရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်ဟု သိရသည်။