Home သတင်း ကွမ်းသီးနု ဈေးမရှိသဖြင့် ရောင်းဝယ်သူများ ရပ်နားနေရ

ကွမ်းသီးနု ဈေးမရှိသဖြင့် ရောင်းဝယ်သူများ ရပ်နားနေရ

1627

မေလ၂၁ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယခုနှစ်ကွမ်းသီးနုဈေးမရှိသဖြင့် ကွမ်းသီးနုရောင်း ဝယ်သူများ အားလုံးနီးပါးသည် အရောင်းအဝယ်မပြုလုပ်တော့ဘဲ ရပ်နားထားရကြောင်း ရောင်းဝယ်သူများက ပြော သည်။

ယခင်နှစ်တွင် ကွမ်းသီးနုဈေးကောင်းရသဖြင့် ကွမ်းသီးနုကုန်ကူးရောင်းဝယ်သူအများအပြားရှိကာ ယခုနှစ်မှာမူ ကွမ်းသီးနုဈေးကောင်းမရသဖြင့် ကွမ်းသီးရောင်းဝယ်သူများ မရှိသလောက် နည်းပါး နေကြာင်း ဒေသထွက်သီးနှံဝယ်ရောင်းသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အရင်က ကွမ်းသီးနု‌တွေ အများအပြားလိုက်ဝယ်ကြတယ်။‌ ဈေးကောင်းလည်း ရတယ်။ အခုကွမ်းသီးနုက အလုံးတစ်ရာဆို ၂၀၀၀ ကျပ်ပဲဝယ်ယူရတယ်။ ကွမ်းသီးတက်ခက ၅၀၀ကျပ်နဲ့ဆို တစ်ရာကို ၂၅၀၀ ကျပ်ရှိတယ်။ ပြန်‌ရောင်းရင် တစ်ကီလို ၁၇ဘတ်ပဲရတယ်။ အလုံးတွေ ဖယ်ခံရတာနဲ့မကိုက်ဘူး။ ကွမ်းသီးနုဝယ်ရောင်းတာနားတဲ့လူအများကြီးရှိပြီး။ ကျနော်လည်း နားနေပြီး”ဟု ပြောသည်။

လက်ရှိတွင် ကွမ်းသီးနုအပြင် ကွမ်းသီး‌ခြောက်ပါဈေးနှုန်းများကျဆင်း‌နေသဖြင့် ကွမ်းသီးလုပ်ငန်းဖြင့် တစ်နိုင် တစ်ပိုင်လုပ်ကိုင်သူများ စားဝတ်နေရေးအကြပ်အတည်းများနှင့်ရင် ဆိုင်နေရကြောင်း ကော့ကရိတ်တောင်ပိုင်းရှိ ကွမ်းပင်စိုက်ပျိုးသူများက ပြောသည်။

“ဒီနှစ်ကွမ်းသီးကဈေးလုံးဝမရှိဘူး။ ဝယ်တဲ့သူလည်း သိပ်မရှိဘူး ။ ကွမ်းသီးနုဆိုလည်းအရင်က အများ အပြားလိုက်ဝယ်ကြတယ်။ အခုက ကွမ်းသီးနုတောင်လိုက်ဝယ်တဲ့သူမရှိတော့ဘူး။ ကွမ်းသီးနဲ့လုပ်ကိုင်စားသောက်ရတာအဆင်မပြေတော့ဘူး”ဟု ကွမ်းပင်စိုက်ပျိုးသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကွမ်းသီးနုသည် ယခင်နှစ်တွင် အလုံးတစ်ရာလျှင် ၆၀၀၀ ကျပ်ထိရရှိပြီး ယခုနှစ်မှာမူ အလုံးတစ်ရာ လျှင်၂၅၀၀ကျပ်သာ ရရှိကြောင်း၊ ကွမ်းသီးခြောက်သည်လည်း ယခင်နှစ်တွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်ထိစျေးရှိသော်လည်း ယခုနှစ်တွင်မူ ၃၈၀၀ ကျပ်သာ ရရှိနေကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံရှိ ကွမ်းသီးပင်များစိုက်ပျိုးသည့် ကရင်ပြည်နယ်အပြင် မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဘက်တွင်လည်း ယခုနှစ်‌တွင် ကွမ်းသီးနုနှင့် ကွမ်းသီး‌ခြောက်များ စျေးကောင်းမရရှိသဖြင့် လာရောက်ဝယ်ယူသူနည်းပါးကြောင်း သိရှိရသည်။